Diaphragm သန္ဓေတားနည်းလမ်းဆိုတာဘာလဲ?
Diaphragm ဆိုတာ လိင်မဆက်ဆံခင်မှာ သားအိမ်ခေါင်းအပေါ်ဖုံးအုပ်ရတဲ့ နူးညံ့ပျော့ပျောင်းသော အနားများရှိပြီး တိမ်သည့် အခုံးပုံစံခွက်လေးတခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၎င်းကို မအင်္ဂါအတွင်းသို့ ထည့်သွင်းရပါတယ်။ သင့်ရဲ့ diaphragm ကို မအင်္ဂါအတွင်းသို့ ထည့်သွင်းသည့်အခါ၊ ၎င်းဟာ သင့်ရဲ့ မအင်္ဂါကို ဖုံးအုပ်ပြီး သုက်ကောင်များ သားအိမ်အတွင်း ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ မအင်္ဂါအတွင်းသို့ မထည့်သွင်းမှီ diaphragm ကို ပထမဆုံး သုက်သတ်ဆေးနှင့် သုတ်လိမ်းရပါတယ်။
ပုံမှန်ရရှိနိုင်သော diaphragm များကို ရာဘာစေးနှင့် အများအားဖြင့် ပြုလုပ်ကြသော်လည်း အချို့နေရာများတွင် ပလတ်စတစ် သို့မဟုတ် ဆီလီကွန်ဖြင့်ပြုလုပ်ထားသော diaphragm များကို ရရှိနိုင်ပါတယ်။
diaphragm များဟာ အရွယ်အစားအမျိုးမျိုးဖြင့်လာကြပြီး ၎င်းတို့ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက်၊ သင်ဟာ လေ့ကျင့်ထားသော ကျန်းမာရေးဝန်ဆောင်မှုပေးသူထံမှ ပထမဆုံးအကြိမ် အရွယ်အစားညှိခြင်း သို့မဟုတ် သီးသန့်အရွယ်အစားညှိခြင်းတို့လိုအပ်မှာဖြစ်ပါတယ်။ မှန်ကန်သောအရွယ်အစားကို ဆုံးဖြတ်နိုင်ရန် တင်ပါးဆုံစစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ် (၁)။
Diaphragm သန္ဓေတားနည်းလမ်းက ဘယ်လိုအလုပ်လုပ်ပါသလဲ?
Diaphragm ဟာ သုက်ကောင်များကို သားအိမ်အတွင်းသို့ ဝင်ရောက်ခြင်းမှကာကွယ်ပေးသည့် အကာအကွယ်ဖန်တီးခြင်းဖြင့် သန္ဓေတားပေးပါတယ်။ ထို့အပြင်၊ ၎င်းဟာ သုက်သက်ဆေးများကို သားအိမ်ခေါင်းတွင်ထားရှိပြီး သားအိမ်ခေါင်းလမ်းကြောင်းအနီးသို့ရောက်ရှိလာသည့် သုက်ကောင်များကို ရပ်တန့်စေပါတယ်။ စုပ်အားဖြင့် ထားရှိရသော သားအိမ်ခေါင်းအစွပ်နှင့်မတူပဲ diaphragm ကို မအင်္ဂါနံရံများမှာ ထားရှိပါတယ် (၂)။
Diaphragm သန္ဓေတားနည်းလမ်းထိရောက်မှု
Diaphragm တစ်ခုရဲ့ ထိရောက်မှုဟာ သုံးစွဲပုံအပေါ်မူတည်ပါတယ်။ ၎င်းဟာ အတော်အတန်ထိရောက်သော်လည်း၊ ၎င်းကို လိင်ဆက်ဆံမှုတခုတိုင်းအတွက် သုက်သတ်ဆေးဖြင့် တွဲဖက်သုံးစွဲပါက အထိရောက်ဆုံးဖြစ်ပါတယ်။
ပုံမှန်သုံးစွဲခြင်း (လူအများစုသုံးစွဲသည့်ပုံစံ) ဖြင့်သုံးပါက၊ ၎င်းဟာ သန္ဓေတားရာတွင် ၈၃% ထိရောက်ပါတယ်။ ဆိုလိုသည်မှာ ဒီနည်းလမ်းသုံးစွဲသူ အမျိုးသမီး ၁၀၀ တွင် ၁၇ ယောက်ဟာ သုံးစွဲသည့် ပထမနှစ်အတွင်း ကိုယ်ဝန်ရကြတာဖြစ်ပါတယ်။
မှန်ကန်သည့်သုံးစွဲပုံ (သုက်သတ်ဆေးဖြင့်ပေါင်းသုံးပါက)နှင့်အတူသုံးပါက၊ ၎င်းဟာ ကိုယ်ဝန်တားဆီးရာမှာ ၈၄% ထိရောက်ပါတယ်၊ ဤနည်းလမ်းသုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၁၆ ယောက်ဟာ သုံးစွဲသည့် ပထမနှစ်အတွင်း ကိုယ်ဝန်ရရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။