မအင်္ဂါထည့်အကွင််းဘေးထွက်ဆိုးကျိုးများဟာ ကျန်းမာရေးချို့ယွင်းခြင်း လက္ခဏာများ မဟုတ်ကြပါဘူး၊ ဆိုးကျိုးအများစုဟာ အကွင်းထည့်သွင်းပြီး ပထမဆုံးလအနည်းငယ်အတွင်း လျော့ကျခြင်း သို့မဟုတ် လုံးဝပျောက်ကွယ်သွားခြင်းဖြစ်ကြပါတယ်။အချို့အမျိုးသမီးများမှာ ၎င်းတို့ကို လုံးဝခံစားရခြင်းမရှိပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ –
- သုံးစွဲသူ၏ သွေးဆင်းခြင်းပုံစံပြောင်းလဲခြင်း (မမှန်ကန်သော သို့မဟုတ် ပုံမှန်မဟုတ်သော သွေးဆင်းခြင်း၊ ပေါ့ပါးသော သို့မဟုတ် ရက်ပိုမိုနည်းပါးသော သွေးဆင်းခြင်း၊ သို့မဟုတ် ဓမ္မတာလုံးဝမလာခြင်း – ဓမ္မတာများအကြား သွေးအနည်းငယ်ဆင်းခြင်းဟာ လုံးဝစိုးရိမ်စရာမရှိပါဘူး)၊
- ခေါင်းကိုက်ခြင်းများ၊
- မအီမသာဖြစ်ခြင်း နှင့် အော့အန်ခြင်း၊
- ရင်ပြည့်ခြင်း၊
- ရင်သားများနာကျင်ခြင်း၊
- ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊
- ဝက်ခြံများ ပိုမိုကောင်းလာခြင်း သို့မဟုတ် ဆိုးသွားခြင်း၊
- ရေစုဝေးမှုကြောင့် ခြေကျင်းဝတ်များရောင်ရမ်းခြင်း၊
- စိတ်ခံစားမှုပြောင်းလဲခြင်းများ၊ နှင့်
- မအင်္ဂါနာကျင်ခြင်း (မအင်္ဂါ၏ နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း)၊
- ကြာရှည်နိုင်သော အရာများ :
- လိင်စိတ်နိုးကြားမှုပြောင်းလဲခြင်း၊
- မအင်္ဂါဆင်းမှုပိုများခြင်း၊ နာကျင်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း၊ နှင့်
- သွေးပေါင်ချိန်တိုးလာနိုင်ခြင်း။ သင်ဟာ သန္ဓေတားအကွင်းကို အသုံးပြုလျှင် သွေးပေါင်ချိန်အား လအနည်းငယ်လျှင် တကြိမ်စစ်ဆေးဖို့ အကြံပေးထားပါတယ်။ အကွင်းကြောင့်ဖြစ်ပေါ်သော သွေးတိုးခြင်းဟာ အလွန်မြင့်ခဲ့လျှင်၊ သုံးစွဲမှုရပ်တန့်ပါ။ ရပ်တန့်ပြီးနောက်တွင် သွေးပေါင်ချိန်ဟာ ပြန်ကျသွားမှာဖြစ်ပါတယ် [7]။
မအင်္ဂါအကွင်းရှုပ်ထွေးမှုများ
အလွန်ရှားပါးသော
သန္ဓေတားအကွင်းအသုံးပြုသော အမျိုးသမီးများမှာ သွေးကြောပိတ်မှုဖြစ်ပေါ်နိုင်သည့် ရာခိုင်နှုန်း အနည်းငယ်ပိုများနိုင်ပါတယ်။ ဒီလိုပိတ်ဆို့မှုဟာ သွေးပြန်ကြောများအတွင်းပိတ်ဆို့မှုဖြစ်စေနိုင်ပြီး သွေးပြန်ကြောသွေးကြောပိတ်ခြင်း သို့မဟုတ် အဆုတ်သွေးကြောပိတ်ခြင်း၊ သို့မဟုတ် သွေးလွှတ်ကြောများအတွင်းပိတ်ဆို့ခြင်းဖြစ်စေနိုင်ပြီး နှလုံးရပ်ခြင်း သို့မဟုတ် လေဖြတ်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ ဒီဟာက ပုံမှန်အားဖြင့် သန္ဓေတားအကွင်းအသုံးပြုတဲ့ ပထမနှစ်အတွင်းဖြစ်ပေါ်ပါတယ်။
သင့်အနေနှင့်အောက်ပါများမှ တခုခုကြုံတွေ့ရပါက သင့်ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည် :
- ပြင်းထန်သော ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းတခြမ်းကိုက်ခြင်း၊
- အသက်ရှုရခက်ခဲခြင်းများ၊
- သင့်ခြေထောက်တွင် နာကျင်သောရောင်ရမ်းမှု၊
- လက် သို့မဟုတ် ခြေထောက်တွင် ထုံခြင်း သို့မဟုတ် အားနည်းခြင်း၊
- သင့်စကားပြောဆိုခြင်း သို့မဟုတ် အမြင်အာရုံနှင့်ပတ်သက်သည့် ရုတ်တရက်ပြဿနာများ၊
- ချောင်းဆိုးသွေးပါခြင်း၊
- ရင်ဘတ်နာကျင်ခြင်းများ၊ အထူးသဖြင့်အသက်ရှုရာတွင်နာလျှင်၊
- ပြင််းထန်သောရင်ဘတ်အောင့်ခြင်း၊ နှင့်
- မရှင်းပြနိုင်သော မူးမော်ခြင်း သို့မဟုတ် မေ့လဲခြင်း။
ဒီလက္ခဏာများဟာ သွေးကြောပိတ်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
အလွန်အမင်းရှားပါးသော
- လေဖြတ်ခြင်း။
- နှလုံးရပ်ခြင်း။
အကယ်၍၊ သုံးလကြာပြီးနောက်၊ ဘေးထွက်ဆိုးကျိုးများဟာ သင်လက်ခံနိုင်သည့်ပမာဏထက်ပိုများသည်ဟုခံစားရပါက၊ နည်းလမ်းအသစ်ပြောင်းလဲပြီး ကိုယ်ဝန်ကို ဆက်လက်ကာကွယ်ပါ။ သင့်လိုအပ်နှင့်ကိုက်ညီသည့် နည်းလမ်းတခုရှာဖွေနေစဥ်အတွင်း ကွန်ဒုံးများဟာ ကောင်းမွန်သည့်ကာကွယ်မှုပေးနိုင်ပါတယ်။ သန္ဓေတားအကွင်းများဟာ သင့်ကို လိင်မှကူးစက်သောရောဂါများမှ ကာကွယ်မှုမပေးဘူးဆိုတာ မှတ်သားထားပေးပါ။