အမျိုးသမီးအများစုဟာ သန္ဓေတားအကွင်းကို အသုံးပြုနိုင်ပါတယ်။ သင်ဟာ ကျန်းမာရေးကောင်းတယ်၊ ဆေးလိပ်မသောက်ဘူး၊ ကိုယ်အလေးချိန်မများဘူး၊ သန္ဓေတားအကွင်းအသုံးမပြုနိုင်တဲ့ ကျန်းမာရေးအခြေအနေမျိုးမရှိဘူးဆိုရင်၊ သင် သွေးဆုံးသည်အထိ သုံးနိုင်ပါတယ်။ အကွင်းအသုံးပြုနိုင်သော ပြည့်မှီမှုများဟာ သန္ဓေတားသောက်ဆေးများနှင့် အလားတူပါတယ်။ သင့်မှာ အောက်ပါအခြေအနေများရှိရင် အကွင်းဟာ သင့်အတွက် မှန်ကန်သော နည်းလမ်းမဟုတ်နိုင်ပါဘူး [8] :
- ဆေးလိပ်သောက်ပြီး အသက် ၃၅ နှစ် သို့မဟုတ် အထက်ဖြစ်လျှင် (အသက် ၃၅ နှစ်အထက်ဖြစ်ပြီး အကွင်းသုံးနေစဥ် ဆေးလိပ်သောက်သောအမျိုးသမီးများဟာ အချို့သောဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ချေမြင့်မားမှု ကြုံရပါတယ် – သင့်ရဲ့ ကျန်းမာရေးထောက်ပံ့ပေးသူနှင့် ဆွေးနွေးတိုင်ပင်ပါ )၊
- သင်ဟာအသက်၅၀အထက်ဖြစ်ပါက – သင့်ရွေးချယ်စရာများကို သင့်ဆရာဝန်နှင့်တိုင်ပင်ပါ၊
- သင့်မှာ အမြင်အာရုံပြောင်းလဲသည့် ပြင်းထန်သော ခေါင်းတခြမ်းကိုက်ခြင်းရှိလျှင် (အလွန်ဆိုးသော ခေါင်းကိုက်ခြင်းမတိုင်မှီ မျက်စိအတွင်း လင်းထိန်ပြီးဝါးသွားခြင်း)၊
- သင်ဟာ ခြောက်ပတ်အတွင်း ကလေးမွေးထားပြီး နို့တိုက်နေလျှင် (ခြောက်လကြာပြီးနောက် သို့မဟုတ် မိခင်နို့သည် သင့်ကလေးအတွက် ပင်မအစားအသောက်မဟုတ်တော့သည့်အခါတွင် သန္ဓေတားအကွင်းကို သုံးစွဲနိုင်ပါတယ်)၊
- သင့်မှာ နှစ် ၂၀ နှင့်အထက် ဆီးချိုရောဂါရှိပြီး နောက်ဆက်တွဲ သွေးလွှတ်ကြော၊ အမြင်၊ အသည်း သို့မဟုတ် အာရုံကြောစနစ်ပြဿနာများရှိလျှင်၊
- သင့်မှာ ရင်သားကင်ဆာလက်ရှိ ရှိလျှင် သို့မဟုတ် ရှိခဲ့လျှင်၊
- သင့်မှာ လေဖြတ်ခြင်း၊ ခြေထောက်သို့မဟုတ် အဆုတ်များတွင် သွေးကြောပိတ်ခြင်း၊ နှလုံးရပ်ခြင်း သို့မဟုတ် အခြားပြင်းထန်သော နှလုံးပြဿနာများရှိခဲ့လျှင်၊
- သင့်မှာ အသည်းခြောက်ခြင်း၊ အသည်းပိုးဝင်ခြင်း သို့မဟုတ် အသည်းအကျိတ်ရှိလျှင်၊
- သင့်မှာ သည်းခြေရောဂါ ရှိလျှင် သို့မဟုတ် သည်းခြေရောဂါကုသမှုအတွက် ဆေးသောက်နေရလျှင်၊ နှင့်
- သင်ဟာ တက်ခြင်းများအတွက် ဆေးသောက်နေရလျှင်။
သင့်မှာ အထက်ပါအခြေအနေများမှ တခုခုရှိခဲ့လျှင်၊ ကျွမ်းကျင်သော ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့်တိုင်ပင်ပြီး သင့်အတွက် အသင့်လျော်ဆုံးသန္ဓေတားနည်းလမ်းကို အဖြေရှာပါ။