ဘေးထွက်ဆိုးကျိုးများဟာ ကျန်းမာရေးချို့ယွင်းခြင်း လက္ခဏာများ မဟုတ်ကြပါဘူး၊ ၎င်းတို့ဟာ အဖြစ်များကြသော်လည်း အချို့အမျိုးသမီးများမှာ ၎င်းတို့ကို လုံးဝခံစားရခြင်းမရှိပါ။ ဖြစ်ပွားသည့်အခါ၊ ၎င်းတို့သည် တားဆေးသောက်သည့် ပထမဆုံးလအနည်းငယ်အတွင်း လျော့ကျခြင်း သို့မဟုတ် လုံးဝပျောက်ကွယ်သွားခြင်းဖြစ်ကြပါတယ်။ တားဆေး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ –
– သွေးဆင်းသည့်ပုံစံပြောင်းလဲခြင်းများ၊ ပုံမှန်မဟုတ်သော သို့မဟုတ် ကြိုကြားဖြစ်သော သွေးဆင်းခြင်း၊ ပိုမိုပေါ့ပါးသော သို့မဟုတ် ရက်ပိုတိုသော သွေးဆင်းခြင်း၊သို့မဟုတ် လုံးဝ ဓမ္မတာမလာခြင်း (ဓမ္မတာများအကြား ပေါ့ပါးသော သွေးဆင်းခြင်းသည် စိုးရိမ်စရာမရှိပဲ၊ တတိယမြောက်ကဒ်သောက်ပြီးသည့်အခါ ပြီးဆုံးသွားမည်ဖြစ်သည်၊ မဟုတ်ပါက သင့်ရဲ့ ဆရာဝန်ကိုပြောပြသင့်သည်)၊
ခေါင်းကိုက်ခြင်းများ၊
ခေါင်းမူးခြင်း၊
သွေးစိမ့်ခြင်း၊
ရင်သားနာခြင်း၊
ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊
ဝက်ခြံအတွက် ပိုမိုကောင်းမွန်လာခြင်း သို့မဟုတ် ပိုဆိုးသွားခြင်း၊
လိင်စိတ်ဆန္ဒပြောင်းလဲခြင်း၊
စိတ်ခံစားချက်ပြောင်းလဲခြင်းများ၊ နှင့်
မအီမသာဖြစ်ခြင်း (မအီမသာဖြစ်ခြင်းမှ ရှောင်ကြဥ်ရန်၊ ဆေးလုံးများကို အစားအသောက်နှင့် တွဲသောက်ပါ သို့မဟုတ် အိပ်ရာဝင်ချိန်မှသောက်ပါ)။
အချို့ဆေးလုံးများဟာ သွေးပေါင်တက်ခြင်းဖြစ်စေနိုင်ပါတယ်။ ဆေးလုံးသောက်သူများအား လအနည်းငယ်ခြားတခါ သွေးပေါင်တိုင်းရန် အကြံပေးထားကြပါတယ်။ တားဆေးကြောင့်ဖြစ်သော သွေးပေါင်တက်ခြင်းဟာ အလွန်မြင့်တက်လာလျှင်၊ ဒီနည်းလမ်းကို ရပ်တန့်ဖို့ အကြံပြုပါတယ်။ သုံးစွဲမှုရပ်လိုက်တာနဲ့ သွေးပေါင်ဟာ ကျဆင်းသွားမှာဖြစ်ပါတယ် [8]။
သန္ဓေတားသောက််ဆေး၏ ရှုပ်ထွေးမှုများ
အလွန်ရှားပါးသော
တားဆေးအသုံးပြုသော အမျိုးသမီးများဟာ သွေးခဲ(သွေးခဲများကြောင့်သွေးကြောပိတ်ခြင်း) ဖြစ်နိုင်သည့် ရာခိုင်နှုန်းအနည်းငယ်ပိုပါတယ်။ အဆိုပါ သွေးခဲများဟာ သွေးပြန်ကြောများတွင် ပိတ်ဆို့မှုများဖြစ်နိုင်ပြီး နက်ရှိုင်းသော သွေးပြန်ကြောပိတ်ခြင်း သို့မဟုတ် အဆုတ်သွေးကြောပိတ်ခြင်းတို့ဖြစ်စေနိုင်ကာ heart attack များ သို့မဟုတ် လေဖြတ်ခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ်။ ယခုလိုမျိုးဖြစ်ပွားခြင်းသည် တားဆေးသောက်သုံးသော ပထမနှစ်အတွင်းဖြစ်နိုင်ပါတယ်။
သင့်အနေနှင့် အောက်ပါများမှ တခုခုကို ခံစားရပါက သင့်ဆရာဝန်နှင့် ချက်ချင်းတွေ့ဆုံသင့်ပါတယ် :
– အကြောင်းမဲ့ မူးမေ့ခြင်း သို့မဟုတ် လဲကျခြင်း၊
– အသက်ရှုရခက်ခဲခြင်းများ၊
– သင့်ခြေထောက်တွင် နာကျင်ရသည့်ရောင်ရမ်းခြင်း၊
– လက်မောင်း သို့မဟုတ် ခြေထောက်တွင် ထုံခြင်း သို့မဟုတ် အားနည်းခြင်း၊
– သင့်စကားပြောဆိုမှု သို့မဟုတ် အမြင်အာရုံနှင့် ပတ်သက်၍ ရုတ်တရက်ပြဿနာများ၊
– ချောင်းဆိုးရာတွင် သွေးပါခြင်း၊
– ရင်ဘတ်အောင့်ခြင်၊ အထူးသဖြင့် အသက်ရှူရာတွင်အောင့်ခြင်း၊ နှင့်
– ပြင်းထန်သော ဝမ်းဗိုက်နာကျင်မှု။
ယခုလိုလက္ခဏာများဟာ သွေးခဲခြင်းကြောင့်ဖြစ်စေနိုင်ပါတယ်။
အလွန်အမင်းရှားပါးသော
လေဖြတ်ခြင်း။
heart attack။
အကယ်၍ သုံးလကြာပြီးနောက် ခံစားနေရသော ဘေးထွက်ဆိုးကျိုးများသည် သင်လက်ခံနိုင်သော ပမာဏထက်များသည်ဟု ခံစားရပါက၊ နည်းလမ်းအသစ်ပြောင်းပြီး သန္ဓေတည်ခြင်းမှ ကာကွယ်ပါ။ သင်နှင့် သင့်လျော်သော နည်းလမ်းရှာဖွေချိန်တွင် ကွန်ဒုံးများဟာ ကောင်းမွန်သော ကာကွယ်မှုပေးပါတယ်။ သန္ဓေတားသောက်ဆေးများဟာ သင့်ကို လိင်မှကူးစက်သောရောဂါများမှ ကာကွယ်မှုမပေးဘူးဆိုတာ မှတ်သားထားပေးပါ။
သွေးခဲခြင်းများအတွက် ကျွန်ုပ်စိုးရိမ်ဖို့ လိုအပ်ပါသလား?
တားဆေးသောက်ချိန်အတွင်း သွေးခဲမှုဖြစ်နိုင်သည့် အန္တရာယ်ဟာ အလွန်အမင်းနည်းပါးပါတယ်။ ဒီလိုသွေးခဲခြင်းမှ သေဆုံးနိုင်သည့် ရာခိုင်နှုန်းမှာ ပို၍ နည်းပါတယ်။ သို့သော်လည်း အချို့သော မျိုးရိုးဗီဇ နှင့် ဆေးဝါးအခြေအနေများဟာ သွေးခဲမှုဖြစ်နိုင်သည့် ရာခိုင်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ သင့်အနေနှင့် သွေးခဲမှုဖြစ်ပွားခဲ့တာ သို့မဟုတ် သွေးခဲများနှင့်ပတ်သက်ပြီး ပူပန်တာမျိုးရှိရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့်တိုင်ပင်ပြီး တားဆေးဟာ သင့်အတွက် အကောင်းဆုံးဖြစ်သော သန္ဓေတားနည်းလမ်း ဟုတ်၊မဟုတ် ဆုံးဖြတ်ပါ။
သန္ဓေတားသောက်ဆေး သုံးနေချိန်အတွင်း သွေးစိမ့်ခြင်းဟာ ပုံမှန်ပဲလား?
သွေးစိမ့်ခြင််းဟာ သန္ဓေတားသောက်ဆေးရဲ့ အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ ဒီဟာက များစွာသောအကြောင်းပြချက်တို့ကြောင့် ဖြစ်ပွားပါတယ်။ သင့်အနေနဲ့ ဆေးလုံးများကို နားခြင်းမရှိပဲ ဆက်တိုက်သောက်သုံးတယ်ဆိုရင်၊ သင်ဟာ “ဖောက်ထွက်သော” သွေးဆင်းခြင်းဟုခေါ်သည့် အတွေ့အကြုံကို ခံစားရပါမယ်။ ဒီဟာက နည်းပါးသော သွေးဆင်းခြင်း သို့မဟုတ် သင့်ဓမ္မတာကို မမျှော်လင့်ထားသော အချိန်များတွင် အနည်းငယ်ကြီးမားသော သွေးဆင်းခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်ခြင်းဟာ ကျန်းမာရေးချို့ယွင်းမှုရဲ့ လက္ခဏာမဟုတ်ပါဘူး။
သန္ဓေတားသောက်ဆေးကို နှစ်ပေါင်းများစွာ ရပ်နားခြင်းမရှိပဲ သောက်ဖို့ အန္တရာယ်ကင်းရဲ့လား?
ကင်းပါတယ်။ ပုံမှန်သောက်သုံးမယ်ဆိုရင်၊ သန္ဓေတားသောက်ဆေးဟာ ကြားထဲမှာ ရပ်နားစရာမလိုပဲ သင့်ကို ကိုယ်ဝန်ဆောင်ခြင်းမှ နှစ်ပေါင်းများစွာအထိ ကာကွယ်ပေးနိုင်ပါတယ်။ သောက်သုံးချိန်အတွင်း ရပ်နားရန်လိုအပ်ကြောင်းကိုလည်း အတိအကျသက်သေပြစရာမျိုးမရှိပါဘူး။ ရပ်နားချိန်ကာလအတွင်း ကိုယ်ဝန်ရနိုင်တာကြောင့် ရပ်နားခြင်းဟာ ပိုမိုပြီး အန္တရာယ်များပါတယ်။
ကျွန်ုပ်၏ ကိုယ်ဝန်တားဆေးသောက်ပြီးနောက် ဝမ်းလျှောပါက ဘာဖြစ်မလဲ?
သန္ဓေတားသောက်ဆေးများအပါအဝင် ဟော်မုန်း သန္ဓေတားနည်းလမ်းများဟာ ဝမ်းကို ရွှင်စေနိုင်ပါတယ်။ ဒီလိုအားဖြင့် ဝမ်းလျှောခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ ဝမ်းလျှောခြင်းဟာ သန္ဓေတားသောက်ဆေးများရဲ့ ထိရောက်မှုကို မသက်ရောက်စေသော်လည်း၊ ပြင်းထန်သော ဝမ်းလျှောခြင်း (၂၄ နာရီအတွင်း ၆-၈ ကြိမ်အရည်သီးသန့် ဝမ်းလျှောမှု) ဟာ နောက်ဆုံးဆေးလုံးကို သင့်ခန္ဓာကိုယ်အတွင်း မစုပ်ယူသွားဘူးလို့ ဆိုလိုနိုင်ပါတယ်။ သင့်အနေနဲ့ ပြင်းထန်သော ဝမ်းလျှောခြင်း ခံစားနေရတယ်ဆိုရင်၊ ဆေးလုံးကို ပုံ့မှန်အတိုင်းသောက်ပါ။ ဒါ့အပြင်၊ ဝမ်းလျှောစဥ်အတွင်းနဲ့ ဝမ်းလျှောအပြီး ၂ ရက်အတွင်း ကွန်ဒုံးကဲ့သို့ အရန် သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။
ကိုယ််ဝန်တားသောက်ဆေးဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ နည်းလမ်းဖြစ်ပါသလား?
တားဆေးအတွင်းမှ အချို့သော ဟော်မုန်းများဟာ အမျိုးသမီး၏ ဆီးမှ တဆင့် ပတ်ဝန်းကျင်သို့ ဝင်ရောက်ကြသော်လည်း၊ ၎င်းပမာဏဟာ သဘာဝပတ်ဝန်းကျင်အတွင်း အခြား အက်စတိုဂျင်အရင်းအမြစ်များထက် ပိုမိုသေးငယ်ပါတယ်။ ဥပမာအားဖြင့်၊ ထုတ်လုပ်ရေးလုပ်ငန်းကြီးများ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ နှင့် တိရစ္ဆာန်ဆေးများရှိ အက်စတိုဂျင်များသည် လူတယောက် ဆီးမှ တဆင့် စွန့်ထုတ်လိုက်သည့် အက်စတိုဂျင်ထက် ပမာဏမြောက်များစွာ သဘာဝပတ်ဝန်းကျင်အတွင်းသို့ဝင်ရောက်သည်။
သင့်ခန္ဓာကိုယ်အတွင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်သို့ မည်သည့်ဟော်မုန်းပမာဏမဆိုဝင်ရောက်ခြင်းအား စိုးရိမ်ပါက သင့်အတွက် အခြားသန္ဓေတားနည်းလမ်းများရှိပါတယ်။ ကြေးနီ IUD များနှင့် သဘာဝအစေးကွန်ဒုံးများဟာ ကောင်းမွန်တဲ့ ရွေးချယ်စရာများဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်မှာ သင့်အား ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ပေးနိုင်သည့် နည်းလမ်းကို အသုံးပြုရန် ဖြစ်ပါတယ်။