LAM ဟာ ကလေးမီးဖွားပြီးတာနဲ့ ချက်ချင်းစတင်ပါတယ်။ ကလေးမီးဖွားပြီးခြင်း တစ်နာရီအတွင်း သို့မဟုတ် စောနိုင်သမျှ စောစော စတင်နို့တိုက်ပါ။ ကလေးမီးဖွားပြီးနောက် ပထမရက်အနည်းငယ်အတွင်း မိခင်ရင်သားများမှ ထုတ်လုပ်တဲ့ အဝါရောင်သမ်းသောအရည် (နို့ရည်ကြည်)များမှာ ကလေးကျန်းမာရေးအတွက် အလွန်အရေးကြီးသောအရာဝတ္ထုများပါဝင်ပါတယ်။
ဤနည်းလမ်းကို ကလေးမီးဖွားပြီးနောက် ပထမခြောက်လအထိ ဆက်လက်သုံးစွဲသင့်ပါတယ်။ သင့်ကလေးကို လုံးဝ သို့မဟုတ် လုံးဝနီးပါး မိခင်နို့ပဲတိုက်တယ် ပြီးတော့ သင့်ရဲ့ လစဥ်ဓမ္မတာတွေလဲ ပြန်မလာသေးဘူးဆိုရင်ပေါ့။
LAM ထိရောက်နိုင်ရန် မိခင်နို့တိုက်ခြင်းကို ဘယ်လောက်အထိ လိုအပ်ပါသလဲ?
အကောင်းဆုံးအဖြစ် ကလေးမီးဖွားပြီးနောက် ပထမရက်သတ္တပတ်များအတွင်း တရက်လျှင် အနည်းဆုံး ၁၀ ကြိမ် မှ ၁၂ ကြိမ်အထိ ကလေးတောင်းဆိုသလောက် နို့တိုက်သင့်ပါတယ်။ ဒီကာလပြီးနောက်မှာတော့ တရက်ကို ၈ ကြိမ် မှ ၁၀ ကြိမ် တိုက်ရမှာဖြစ်ပြီး ပထမလအနည်းငယ်အတွင်း တစ်ညလျှင် အနည်းဆုံး တစ်ကြိမ် တိုက်ကျွေးသင့်ပါတယ်။
နေ့ပိုင်းနို့တိုက်ခြင်းဟာ လေးနာရီထက်ပိုပြီး နို့တိုက်ချိန်ခြားခြင်း မရှိစေရပဲ ညပိုင်းနို့တိုက်ခြင်းအတွက် ခြောက်နာရီထက်ပိုမခြားရပါဘူး။
ကျွန်ုပ်ဟာ မိခင်နို့အစားထိုးနို့မှုန့်များလည်းတိုက်တယ်၊မိခင်နို့လည်းတိုက်တယ်ဆို LAM က ထိရောက်ပါသလား?
မထိရောက်ပါဘူး။ အကယ်၍သင်ဟာ LAM ကို သန္ဓေတားနည်းလမ်းတခုအဖြစ်သုံးစွဲချင်တယ်ဆိုရင်၊ သင့်ရဲ့ ကလေးကို ကိုယ်တိုင်နို့တိုက်မှသာ ထိရောက်မှာဖြစ်ပါတယ်။ အကယ်၍သင်ဟာ မိခင်နို့လည်းတိုက်တယ်၊ အစားထိုးနို့မှုန့်များလည်းတိုက်တယ်ဆိုရင်၊ LAM ဟာသင့်အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်မှာ မဟုတ်ပါဘူး။
LAM ခြောက်လပြီးနောက်မှာ ကျွန်ုပ်ဘာလုပ်သင့်သလဲ?
ခြောက်လအကြာမှာ သင့်ကလေးအတွက် မိခင်နို့သီးသန့်မှာ ရတဲ့ အာဟာရများဟာ မလုံလောက်တော့ပါဘူး။ သင့်ကလေးကို အခြားအစားအသောက်များ (နို့ဖြတ်ခြင်း) ကျွေးရန်အကြံပြုပါတယ်။
သင့်ကလေးကို အခြားအစားအသောက်များကျွေးခြင်းကြောင့် သင်ဟာ သန္ဓေတားနိုင်ရန်အတွက် LAM အပေါ် မှီခိုလို့ မရနိုင်တော့ပါဘူ။ သင်ရဲ့ သန္ဓေတားနည်းလမ်းရွေးချယ်မှုများအကြောင်းဆွေးနွေးရန် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် တွေ့ဆုံသင့်ပါတယ်။
LAM ကို သန္ဓေတားနည်းလမ်းအဖြစ်အသုံးပြုပြီးနောက် ကျွန်ုပ်ရဲ့ ဓမ္မတာပြန်လာရန် မည်မျှ ကြာမလဲ?
LAM ရပ်တန့်ပြီးနောက် သန္ဓေအောင်နိုင်မှုပြန်လည်ရောက်ရှိခြင်းဟာ အဆိုပါအမျိုးသမီး မည်မျှအထိ မိခင်နို့ဆက်တိုက်နေသလဲအပေါ်မူတည်ပါတယ်။ မိခင်နို့ဖြတ်ခြင်းဟာ တဖြည်းဖြည်းလုပ်ဆောင်ရသောလုပ်ငန်းစဥ်ဖြစ်ပြီး အချို့ကလေးများဟာ မိခင်နို့အပေါ် ပိုမိုကြာရှည်စွာ မှီခိုနိုင်ပါတယ်။ သို့သော်လည်း ကလေးနို့တိုက်ခြင်းအကြိမ်ရေကျဆင်းလာတာနဲ့အမျှ၊ မျိုးဥထွက်ခြင်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
LAM ကျင့်သုံးနေစဥ်အတွင်း ကျွန်ုပ် နို့ဆက်မတိုက်နိုင်ပါက သို့မဟုတ် ဓမ္မတာပြန်လာပါက ဘာဖြစ်မလဲ?
အကယ်၍ မည်သည့်အချိန်မှာမဆို သင်ဟာ ပုံမှန် မိခင်နို့မတိုက်နိုင်ပါက သို့မဟုတ် သင့်ရဲ့ လစဥ်ဓမ္မတာပြန်လည်ရောက်ရှိလာပါက၊ သင်ဟာ အခြားပိုမိုထိရောက်သော သန္ဓေတားနည်းလမ်းပြောင်းလဲသုံးစွဲရန် စဥ်းစားသင့်ပြီး မိခင်နို့တိုက်ခြင်းကိုတော့ ကလေးအတွက် ဆက်လက်လုပ်ဆောင်သင့်ပါတယ်။