မိခင်နို့တိုက်ချိန်ဓမ္မတာမလာခြင်းနည်းလမ်း (LAM)ဆိုတာဘာလဲ?
LAM သို့မဟုတ် သန္ဓေတားနည်းလမ်းအဖြစ် မိခင်နို့တိုက်ခြင်းဟုသိရှိကြသော မိခင်နို့တိုက်ချိန်ဓမ္မတာမလာခြင်းနည်းလမ်းဟာ မိခင်နို့တိုက်ခြင်းနဲ့ဆက်စပ်တဲ့ ယာယီသန္ဓေတားနည်းလမ်းဖြစ်ပါတယ်။ ၎င်းဟာ မိခင်နို့မှ အမျိုးသမီးတဦးရဲ့ သန္ဓေအောင်နိုင်မှုခြင်းအတွက် သဘာဝအတိုင်းသက်ရောက်မှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ မိခင်နို့တိုက်ခြင်းဟာ သဘာဝအားဖြင့် သန္ဓေအောင်နိုင်မှုကို ဟန့်တားပေးပါတယ်။
“မိခင််နို့်တိုက်ခြင်း (lactational)” ဆိုသော စကားလုံးဟာ နို့တိုက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ “lactation” မှ ဆင်းသက်လာတာဖြစ်ပြီး၊ ” ဓမ္မတာမလာခြင်း amenorrhea” ဆိုတာကတော့ လစဥ်ဓမ္မတာမလာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
ကလေးမီးဖွားပြီးနောက် ခြောက်လအထိ မိခင်နို့တိုက်ခြင်းကို ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ရန်အတွက် အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ သင့်အနေနဲ့ အောက်ပါလိုအပ်ချက်သုံးချက်နှင့်ပြည့်စုံမှသာလျှင် ထိရောက်တာဖြစ်ပါတယ် :
– ကလေးဟာ နေ့ဖက်ရော ညဖက်ရော မကြာခဏ လုံးဝ သို့မဟုတ် လုံးဝနီးပါး နို့စို့တယ်။
လုံးဝနို့တိုက်ခြင်းမှာ သီးသန့် (ကလေးဟာ သူ့ရဲ့ အာဟာရဓာတ်အားလုံးအတွက် မိခင်နို့အပေါ်မှီခိုတယ်) သို့မဟုတ် သီးသန့်နီးပါး (နို့တိုက်ခြင်းအပြင်၊ ကလေးဟာ တခါတရံ ရေသောက်တယ်၊ ဗီတာမင်၊ ဖျော်ရည် သို့မဟုတ် အခြားအာဟာရတွေသောက်တယ်) တို့ပါဝင်ပါတယ်။
လုံံးဝနီးပါးနို့တိုက်ခြင်းမှာဆိုရင် ကလေးဟာ အစားအစာ နှင့်/သို့မဟုတ် သောက်စရာများမှတဆင့် အာဟာရများ ရရှိနေသော်လည်း သူ့ရဲ့ စုစုပေါင်း အာဟာရ လေးပုံပုံ သုံးပုံကို မိခင်နို့မှ ရယူခြင်းဖြစ်ပါတယ်။
– ကလေးဟာ ခြောက်လအောက်ငယ်တယ်။
– သင့်ရဲ့ လစဥ်ဓမ္မတာများပြန်မလာသေးဘူး။
အကျဥ်းချုံးအားဖြင့်၊ သင်ဟာ မကြာခင်ကမှ ကလေးမီးဖွားထားတယ်၊ လစဥ်ဓမ္မတာပြန်မလာသေးဘူး၊ ပြီးတော့ သင့်ကလေးကို မိခင်နို့ပဲ သီးသန့်တိုက်တယ်ဆိုရင် ဒီနည်းလမ်းက ထိရောက်ပါတယ် (၁)။
LAM ဘယ်လိုအလုပ်လုပ်သလဲ?
LAM ဟာ အဓိကအားဖြင့် မျိုးဥထုတ်လုပ်ခြင်း (သားဥအိမ်များမှ မျိုးဥထုတ်လွှတ်ခြင်း) ကို ကာကွယ်ပေးပါတယ်။ ဤအခြေအနေမှာဆိုရင် မကြာခဏနို့တိုက်ကျွေးခြင်းဟာ မျိုးဥဖြစ်စေတဲ့ ဟော်မုန်းများ ထုတ်လုပ်များကို ယာယီရပ်တန့်ပေးပါတယ် (၂)။
LAM ဟာ ဘယ်လောက်ထိရောက်ပါသလဲ?
ဒီနည်းလမ်းရဲ့ ကိုယ်ဝန်ကာကွယ်ပေးနိုင်ခြင်းထိရောက်မှုဟာ သင်သုံးစွဲသည့်ပုံစံအပေါ်မူတည်ပါတယ်။ အကယ်၍သင်ဟာ သင့်ကလေးကို အပြည့်အဝ သို့မဟုတ် အပြည့်အဝနီးပါး နို့မတိုက်နိုင်ဘူးဆိုရင်တော့၊ သင်ဟာ ကိုယ်ဝန်ရနိုင်ချေများပါတယ်။
ပုံမှန်အတိုင်းသုံးစွဲပုံနှင့်အတူ၊ LAM နည်းလမ်းသုံးစွဲကြတဲ့ အမျိုးသမီး ၉၈% ဟာ ကလေးမီးဖွားပြီး ပထမခြောက်လအတွင်း ကိုယ်ဝန်ကို တားဆီးနိုင်ပါတယ်။ ဆိုလိုသည်မှာ ဒီနည်းလမ်းကို သုံးစွဲကြတဲ့ အမျိုးသမီး ၁၀၀ မှာ ၂ ယောက်ဟာ ကိုယ်ဝန်ရကြတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
ပြီးပြည့်စုံသည့်သုံးစွဲမှုနဲ့အတူ၊ LAM နည်းလမ်းသုံးစွဲကြတဲ့ အမျိုးသမီး ၉၉% ခန့်ဟာ ကလေးမီးဖွားပြီး ပထမခြောက်လအတွင်း ကိုယ်ဝန်ကို တားဆီးနိုင်ပါတယ် (၃)။
LAM ကို မည်သည့်အချိန်မှာ သုံးစွဲသင့်သလဲ?
– အကယ်၍ သင်ဟာ ကလေးမီးဖွားပြီး ခြောက်လအတွင်း အခြားသန္ဓေတားနည်းလမ်းကို သုံးစွဲဖို့ အစီအစဥ်မရှိဘူး၊ ပြီးတော့ သင်ဟာ မိခင်နို့ကိုပဲ သီးသန့်တိုက်ကျွေးနေတယ်ဆိုရင်။
– အကယ်၍ သင််ဟာ ကလေးမီးဖွားပြီး ခြောက်လအတွင်း အခြားသန္ဓေတားနည်းလမ်းသုံးစွဲဖို့ မတတ်နိုင်ဘူးဆိုရင်။
– အကယ်၍ သင်ဟာ ကလေးမီးဖွားပြီးကာလအတွင်း ယာယီ/ရေတို သန္ဓေတားနည်းလမ်းသုံးစွဲချင်တယ်ဆိုရင်။
– အကယ်၍သင်ဟာ အခြားခေတ်မှီသန္ဓေတားနည်းလမ်းကို လက်လှမ်းမမှီနိုင်ဘူးဆိုရင်။
– ဘာသာရေး သို့မဟုတ် ယဥ်ကျေးမှုအကြောင်းပြချက်များအတွက်။