သင့်ရဲ့ပုံမှန် သန္ဓေတားနည်းလမ်းအဖြစ် ပြင်ပအမျိုးသားကွန်ဒုံးများကို အသုံးပြုပါက၊ သင်လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးစွပ်ရန် သတိပြုရပါမယ်။
ပထမဆုံးအနေဖြင့် သင်နှစ်သက်သည့်ပုံစံရှိသော သင့်လျော်သည့်အရွယ်အစားကွန်ဒုံးကို ဝယ်ယူရပါမယ်။ ပြီးနောက် သက်တမ်းကုန်ရက်ကို စစ်ဆေးရပါမယ်။ သက်တမ်းလွန်ကွန်ဒုံးများဟာ အလွယ်တကူပြဲနိုင်၊ ပေါက်နိုင်ပါတယ်။ ဒါ့အပြင် သက်တမ်းလွန်ကွန်ဒုံးသုံးစွဲခြင်းဟာ ရောဂါကူးစက်ခြင်း သို့မဟုတ် ကိုယ်ဝန်ရှိခြင်း ဖြစ်စေနိုင်ပါတယ်။
ကွန်ဒုံးဘယ်လိုစွပ်ရမလဲ
– အမျိုးသားလိင်တံထောင်မတ်လာပါက၊ ကွန်ဒုံးကို ဖြည်ပါ။ ဖြည်နေချိန်တွင် ကွန်ဒုံးကို မဖြဲမိစေရန် သတိထားပါ။ ကွန်ဒုံးပြဲသွားပါက၊ ကြွပ်ဆတ်ဆတ်ဖြစ်နေပါက သို့မဟုတ် မာနေပါက၊ လွှင့်ပစ်ပြီး အသစ်တခုအသုံးပြုပါ။
– ကွန်ဒုံးထိပ်ဖျား လက်မဝက်လောက်အား လက်မ၊ လက်ညှိုးဖြင့် ညှပ်ကိုင်ပါ၊ ပြီးနောက် ညှစ်ပြီးလေထုတ်ပါ။ ထိပ်ဖျားရှိ နေရာအလွတ်ဟာ သုက်လွှက်ပြီးနောက် သုက်ရည်များကို စုထားရန်ဖြစ်ပါတယ်။
– ကွန်ဒုံး၏ အဝကို လိင်တံထိပ်ဖျားပေါ်တွင်တင်ပါ၊ ပြီးနောက် လိင်တံကို ကွန်ဒုံးတွင်းသို့ တဖြည်းဖြည်းစွပ်ထည့်ပါ။ စွပ်ရန် ခက်ခဲနေပါက ဆီအခြေခံမဟုတ်သည့် ချောဆီ ကို ကွန်ဒုံးအတွင်းသို့ တစက် သို့မဟုတ် နှစ်စက်ထည့်ပါ။ ဤသို့လုပ်ဆောင်ခြင်းဟာ ကွန်ဒုံးစွပ်ရန်လွယ်ကူစေပြီး သင့်လက်တွဲဖော်အတွက်လည်း ပိုပြီး ခံစားမှုကောင်းစေပါတယ်။ သင့်လက်တွဲဖော်မှလည်း ကွန်ဒုံးကူစွပ်ပေးနိုင်ပါတယ်။ လိင်တံထိပ်ဖျားကို မဖြတ်ထားပါက၊ ကွန်ဒုံးမစွပ်ခင် လိင်တံထိပ်အရေပြားကို လှန်ထားရန် အရေးကြီးပါတယ်။
– ကွန်ဒုံးအတွင်းဝင်ရောက်နေသော လေပူဖောင်းလေးများကို ထုတ်ပစ်ပါ။ လေပူဖောင်းများဟာ ကွန်ဒုံးကို ကွဲစေနိုင်ပါတယ်။
– သင်နှစ်သက်ပါက၊ ပွန်းရှမှုမှ ကာကွယ်နိုင်ရန် ရေ-အခြေခံချောဆီကို ကွန်ဒုံးအပြင်ဖက်တွင် သုတ်လိမ်းနိုင်ပါတယ်။
အခုဆိုရင်၊ သင်ဟာ အကာအကွယ်ဖြင့် လိင်ဆက်ဆံရန် အသင့်ဖြစ်ပါပြီ!
ကွန်ဒုံးကို ဘယ်လိုဖယ်ရှားရမလဲ
– သုက်လွှတ်ပြီးနောက်၊ ကွန်ဒုံးထိပ်ဖျားအပိုင်းကိုကိုင်ထားပြီး ထောင်မတ်နေဆဲ လိင်တံကို ထုတ်ပါ၊ ထုတ်နေစဥ်တွင် ကွန်ဒုံးဟာ နေရာတကျရှိနေတယ်ဆိုတာ သေချာပါစေ။ လိင်တံမပျော့သွားခင်တွင် ကွန်ဒုံးကို အပြီးထုတ်ပါ။
– သင်ကွန်ဒုံးကိုထုတ်နေစဥ်တွင် ကွန်ဒုံးအောက်ခြေပိုင်းကို သုက်ရည်များထွက်မကျအောင် ကိုင်ထားပါ။
– သုက််ရည်ကို ကွန်ဒုံးအတွင်းတွင်ထားရန်၊ ကွန်ဒုံးအဝကို ချည်လိုက်ပါ။
– ကွန်ဒုံးတွင် အပေါက်အပြဲ သို့မဟုတ် ထိခိုက်ထားမှု ရှိ၊ မရှိ စစ်ပါ။ ကွန်ဒုံးပြဲထားခြင်း သို့မဟုတ် လိင်ဆက်ဆံနေစဥ်အတွင်း ကွန်ဒုံးချော်ထွက်ထားခြင်းဖြစ်ပါက၊ အမျိုးသမီးလက်တွဲဖော်အနေဖြင့် အရေးပေါ်သန္ဓေတားဆေးသောက်ရန် (၇၂ နာရီအတွင်း) စဥ်းစားသင့်ပါတယ်။ သင့်အနေနှင့် လိင်ဆက်ဆံမှု လုံခြုံမှု ရှိ၊ မရှိ နှင့် ပတ်သက်၍ စိုးရိမ်နေပါက၊ လိင်မှတဆင့်ကူးစက်သည့်ရောဂါများကို စစ်ဆေးရန် ဆေးခန်းပြသင့်ပြီး Post-Exposure Prophylaxis (PEP) ဆေးသောက်ခြင်းကဲ့သို့ လိုအပ်သည့် အန္တရာယ်ကင်းရှင်းမှုလုပ်ငန်းစဥ်များကို လုပ်သင့်ပါတယ်။ လိင်ဆက်ဆံချိန်အတွင်း ကွန်ဒုံးကျွတ်ပါကလည်း တူညီသော သတိထားမှုလုပ်သင့်ပါတယ်။
– ကွန်ဒုံးကို တစ်သျှူးစက္ကူဖြင့်ပတ်ပါ၊ ပြီးနောက် အမှိုက်ပုံးအတွင်း သို့မဟုတ် မြေကြီးအတွင်း အိမ်သာကျင်းရှိသည့် မြန်မာထိုင်အိမ်သာ (ရှိပါက) အတွင်းသို့ စွန့်ပစ်ပါ။ အိမ်သာအတွင်းသို့ ထည့်ပြီး ရေမဆွဲချပါနှင့်၊ အိမ်သာပိတ်သွားမှာဖြစ်ပါတယ်။ ကလေးများ နှင့် တိရစ္ဆာန်များ နှင့် အဝေးမှာသာ ကွန်ဒုံးကိုထားပါ။
– နောက်ထပ်လိင်မဆက်ဆံမှီ လိင်တံအား ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာဆေးပါ (၃)။
ကွန်ဒုံးအား မှန်ကန်စွာ အသုံးပြုနိုင်ရန် ထပ်လောင်းအကြံပြုချက်များ
ပြင်ပကွန်ဒုံးများဟာ သုံးစွဲရအလွန်လွယ်ကူပါတယ်၊ သို့သော်လည်း သေချာစွာအသုံးပြုနိုင်ရန်အတွက် အကြံပြုချက်အချို့ကို ဖော်ပြလိုက်ပါတယ် :
– သင်လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးကို အသုံးပြုပါ။
– ကွန်ဒုံးဘူးရှိ ညွှန်ကြားချက်များကို အမြဲဖတ်ပြီး သက်တမ်းကုန်ရက်ကို စစ်ဆေးပါ။ သက်တမ်းလွန် သို့မဟုတ် အနာအဆာပါသော ကွန်ဒုံးဟာ အလွယ်တကူကွဲနိုင်ပါတယ်။
– ကွန်ဒုံးမသုံးစွဲခင်မှာ အပေါက်အပြဲများ သို့မဟုတ် ထိခိုက်မှုများကို အမြဲစစ်ဆေးပါ။
– လိင်တံမှ လက်တွဲဖော်၏ မအင်္ဂါအဝကို မထိခင်တွင် ကွန်ဒုံးစွပ်ထားကြောင်း သေချာပါစေ။ Pre-cum – သုက်မလွှတ်ခင် လိင်တံမှ ထွက်သောအရည်များ – တွင် ယခင်သုက်လွှတ်ခြင်းမှ သုက်ကောင်များ ပါဝင်နိုင်ပါတယ်။
– တချိန်တည်းမှာ ကွန်ဒုံးတခုထက်ပိုမသုံးပါနှင့်။ ကွန်ဒုံးတခုထက်ပိုသုံးခြင်းဟာ ပိုပြီးတော့ အကာအကွယ်မဖြစ်စေပါဘူး။ ဒီလိုလုပ်ခြင်းဟာ ကွန်ဒုံးကို ချော်ထွက်စေပြီး ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် STI ကူးစက်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။
– ကွန်ဒုံးနှင့်အတူ ဆီ-အခြေခံထုတ်ကုန်များ တွဲဖက်သုံးခြင်းကို ရှောင်ရှားပါ။ ဒီထုတ်ကုန်များမှာ လိုးရှင်း၊ baby oil၊ ဆီဂျယ်လီ သို့မဟုတ် ဟင်းချက်ဆီ တို့ပါဝင်ပါတယ်။ ၎င်းတို့ဟာ ကွန်ဒုံးကို ကွဲစေနိုင်ပါတယ်။
– ကွန်ဒုံးတခုကို မည်သည့်အခါမှ ပြန်မသုံးပါနှင့်။ လိင်တံထောင်မတ်မှု တခုစီတိုင်းအတွက် ကွန်ဒုံးတခုစီကို အသုံးပြုပြပါ၊ ကွန်ဒုံးအပိုများကို အမြဲဆောင်ထားပါ။
– သင့်ကွန်ဒုံးများကို အမြဲတမ်း အေးပြီးခြောက်သွေ့သောနေရာတွင်ထားပါ။
– ကွန်ဒုံးများကို သင့်ပိုက်ဆံအိတ်အတွင်း ဆောင်ထားခြင်းမှ ရှောင်ရှားပါ။ လှုပ်ရှားမှုကြောင့်ဖြစ်သည့် ပွတ်တိုက်မိခြင်း နှင့် အပူများဟာ ၎င်းတို့ကို ပျက်ဆီးစေနိုင်ပါတယ် (၄)။