ပရိုဂျက်စတင်သီးသန့်တားဆေးဆိုတာဘာလဲ?
ပရိုဂျက်စတင်သီးသန့် ပါးစပ်သန္ဓေတားဆေး သို့မဟုတ် အသေးစားတားဆေး ဟုခေါ်ဆိုကြသော ပရိုဂျက်စတင်သီးသန့်တားဆေးဟာ ကိုယ်ဝန်ကိုတားဆေးပေးသည့် သေးငယ်သော ဟော်မုန်းတခုတည်းပါဝင်သည့်ဆေးလုံးဖြစ်သည်။ ၎င်းတွင် လူလုပ်ပရိုဂျက်စတင်ဟော်မုန်းအသေးစားများပါရှိပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသမီးခန္ဓာကိုယ်တွင်တွေ့ရှိရသည့် ပရိုဂျက်စတင်ဟော်မုန်းနှင့် ဆင်တူသည်။ တလုံးကို နေ့စဥ်နေ့တိုင်းတူညီသည့်အချိန်တွင် တရက်တကြိမ်သောက်ရပါတယ်။ မတူညီသော ပရိုဂျက်စတင်သီးသန့်တားဆေးအမျိုးအစားများရရှိနိုင်ပြီး ရွေးချယ်စရာအသစ်များဟာလည်း စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိပါတယ် [1]။
ပရိုဂျက်စတင်သီးသန့်တားဆေးဟာ ဘယ်လိုအလုပ်လုပ်သလဲ?
ဆေးလုံးဟာ သားအိမ်ခေါင်းအချွဲကို ထူထပ်စေခြင်းဖြင့် သုက်ကောင်များအား သားအိမ်အတွင်းသို့ဝင်ရောက်ခြင်းနှင့် သားဥအိမ်ပြွန်များအတွင်းဝင်ရောက်ပြီး ဥကို မျိုးအောင်စေခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ပရိုဂျက်စတင်သီးသန့်(အသေးစား)တားဆေး နှင့် သန္ဓေတားသောက်ဆေးတို့အကြားကွာခြားချက်ကဘာလဲ?
ပရိုဂျက်စတင်သီးသန့်တားဆေးဟာ အမျိုးသမီးဟော်မုန်းတမျိုးတည်းသာပါဝင်ခြင်းဖြင့် သန္ဓေတားသောက်ဆေးနှင့်ကွာခြားပါတယ်။ ထို့သို့ပါဝင်ခြင်းကြောင့် ၎င်းကို နို့တိုက်နေသော အမျိုးသမီးများ နှင့် မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ အက်စတိုဂျင်ပါဝင်သောသန္ဓေတားဆေးမသုံးနိုင်သည့် အမျိုးသမီးများအတွက် အသုံးပြုနိုင်ပါတယ်။ ၎င်းသည် အမျိုးသမီးအများစု၏ပုံမှန် ဓမ္မတာများကို မရပ်တန့်စေပါ။ အသေးစားဆေးလုံးကို မတူညီသော အမျိုးအစားများမှ ပြုလုပ်ကြပြီး ပုံမှန်အားဖြင့် ၂၈ လုံးတကဒ်ပါဝင်ကြပါတယ်။ အဆိုပါ ၂၈ လုံး လုံးတွင် ပရိုဂျက်စတင်ဟော်မုန်းပါဝင်ပါတယ်။ တကဒ်ကို ဟော်မုန်းဆေး ၂၄ လုံး နှင့် ဟော်မုန်းမပါဝင်သောဆေး ၄ လုံးလည်း ပါဝင်နိုင်ပါတယ်။ ဆေးလုံးကို မသောက်ခင်၊ ညွှန်ကြားချက်များကို အမြဲတမ်းသေချာစွာဖတ်ရှုပါ၊ ပြီးနောက် သင့်အနေဖြင့် ဆေးတလုံးသောက်ရန်မေ့သည့်အခါ သို့မဟုတ် မအီမသာဖြစ်သည့်အခါ မည်သည်တို့ကိုလုပ်ဆောင်ရမည်ကို နားလည်ရန်သေချာပါစေ [2]။
ပရိုဂျက်စတင်သီးသန့်တားဆေးဟာ ဘယ််လိုမျိုးလဲ?
ပရိုဂျက်စတင်သီးသန့်(အသေးစား)တားဆေးကို ဘယ်လိုသောက်ရမလဲ?
သင့်အနေနှင့် သိရှိရန် လိုသည့်ပထမအချက်မှာ တားဆေးသောက်သုံးရန် အကောင်းဆုံးအချိန်ဟာ သင့် ဓမ္မတာရဲ့ ပထမရက် မှ ငါးရက်အတွင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ကိုယ်ဝန်ရနိုင်ခြင်းအန္တရာယ်မှ ချက်ချင်းကာကွယ်ခြင်းကို ရနိုင်လို့ဖြစ်ပါတယ်။ သို့သော်လည်း၊ အခြားမည်သည့်အချိန်မှာ ဆေးလုံးကို စတင်သောက်သုံးဖို့လည်းအဆင်ပြေပါတယ်၊ တခုတည်းသော ခြားနားချက်မှာ သင့်အနေနဲ့ ပထမဆုံး ၄၈ နာရီအတွက် ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းကို အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုခြင်းဟာ တားဆေးကို ထိရောက်လာစေရန် အချိန်အချို့ပေးမှာဖြစ်ပါတယ်။
ပရိုဂျက်စတင်သီးသန့်တားဆေးမှ အမြင့်မားဆုံးသော ထိရောက်မှုကို ဘယ်လိုရယူမလဲ?
မှန်ကန်စွာအသုံးပြုပါက၊ ပရိုဂျက်စတင်သီးသန့်တားဆေးဟာ ကိုယ်ဝန်တားဆီးရာမှာ ၉၉% ထက်ပိုမိုပြီး ထိရာက်နိုင်ပါတယ်။ သို့သော်လည်း ၎င်းဟာ နို့မတိုက်သော အမျိုးသမီးများအတါက် ၉၃% သာ ထိရောက်ပါတယ် [3]။
သင်ဟာ မည်သည့်အခြေအနေမှာဖြစ်စေ ဆေးလုံးများကို နေ့စဥ်သောက်သုံးဖို့ သတိရရမှာဖြစ်ပြီး ဆေးလုံးအသစ်များကို အချိန်မှီစတင်ရပါမယ်။ ဆေးလုံးကို တရက်တာရဲ့မည်သည့်အချိန်မှာမဆိုသောက်နိုင်ပါတယ်။ နို့မတိုက်ရသော အမျိုးသမီးများအနေဖြင့် ဆေးလုံးကို နေ့စဥ် တူညီသောအချိန်မှာ သောက်သုံးသင့်ပါတယ်။ ပရိုဂျက်စတင်သီးသန့်တားဆေးကို ပုံမှန်သောက်ချိန်ထက် ၃ ပိုနောက်ကျပြီးသောက်တာက သူ့ရဲ့ ထိရောက်မှုကို လျော့ကျစေပါမယ်။
သို့သော်လည်း၊ Cerazette ကဲ့သို့ အမျိုးအစားအသစ်များကို နေ့စဥ်တူညီသောအချိန်ရဲ့ ၁၂ နာရီအတွင်းသောက်နိုင်ပါတယ်။ သင်ဟာ ဆေးလုံးသောက်တာကို မေ့နိုင်တယ်ဆိုရင် သင့်ကိုယ်သင် သတိပေးရန် alarm ထားရှိခြင်း သို့မဟုတ် တားဆေးသောက်ခြင်းကို သွားတိုက်ခြင်းကဲ့သို့ နေ့စဥ်လုပ်ငန်းဆောင်တာတခုနှင့် ချိတ်ဆက်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ တရက်တလုံးကို ပုံမှန်သောက်သင့်ပြီး ဓမ္မတာလာစဥ်တောင်မှ မရပ်တန့်သင့်ပါဘူး။သင့်ရဲ့ ပထမကဒ်ကို သောက်ပြီးသွားပါက၊ နောက်ရက်မှာ ကဒ်အသစ်ကို ချက်ချင်းစသောက်သင့်ပါတယ် [5]။
ပရိုဂျက်စတင်သီးသန့်တားဆေးဟာ ချက်ချင်းထိရောက်ပါတယ် :
– သင်ဟာ လောလောလတ်လတ်ကလေးမွေးထားခဲ့ပြီး မွေးဖွားပြီးနောက် ၂၁ ရက်အတွင်းသောက်တယ်ဆိုရင်။
– အကယ်၍သင်ဟာ နို့တိုက်ခြင်း ပြုလုပ်ပြီး ဓမ္မတာမလာသေးချိန် ကလေးမွေးဖွားပြီး ခြောက်ပတ် မှ ခြောက်လအတွင်းသောက်တယ်ဆိုရင် ။
– ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကိုယ်ဝန်ဖျက်ချခြင်းပြီးနောက် သောက်တယ်ဆိုရင်။
– အခြားဟော်မုန်းပါဝင်သည့်သန္ဓေတားနည်းလမ်းကို ရပ်တန့်ပြီး နောက်ရက်တွင် အသုံးပြုတယ်ဆိုရင်။ (သင်ဟာ သန္ဓေတားသောက်ဆေးများမှ ပြောင်းသောက်တယ်ဆိုရင်၊ ပထမဆုံး ပရိုဂျက်စတင်ဆေးလုံးကို သင့်ရဲ့ နောက်ဆုံးဟော်မုန်းပါဝင်သည့်ဆေးလုံးသောက်ပြီးနောက်ရက်တွင် သောက်ပါ။ သင်ဟာ ဒီအခြေအနေမျိုးမဟုတ်ပဲ ပရိုဂျက်စတင်သီးသန့်တားဆေးကို စတင်သောက်တယ်ဆိုရင်၊ သင်ဟာ ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းကို ပထမဆုံး ၄၈ နာရီအတွင်းအသုံးပြုသင့်ပါတယ်။)
– သင််ဟာ သန္ဓေတားသားအိမ်ထည့်ပစ္စည်း (IUD) ဖယ်ရှားပြီးနောက် နှစ်ရက်အတွင်း စတင်အသုံးပြုတယ်ဆိုရင် [4]။
ကျွန်ုပ်ရဲ့အသေးစားတားဆေးကိုသောက်ရန်မေ့ပါက ကျွန်ုပ်ဘာလုပ်သင့်လဲ?
သင့်ရဲ့ ပရိုဂျက်စတင်သီးသန့်တားဆေးကို သောက်ရန် သုံးနာရီထက်ပိုပြီး မေ့သွားပါက၊ တလုံးကို သတိရတဲ့အချိန် ချက်ချင်းသောက်ပါ၊ ပြီးနောက် အရန်သန္ဓေတားနည်းလမ်းကို နောက်ထပ် ၄၈ နာရီအတွင်း အသုံးပြုပါ။ နောက်ရက်မှာတော့ နောက်ထပ်ဆေးလုံးကို ပုံမှန်အချိန်မှာသောက်ပါ။
ဟော်မုန်းဆေး ၂၄ လုံး နဲ့ ဟော်မုန်းမပါဝင်သည့်ဆေး ၄ လုံးပါဝင်တဲ့ ပရိုဂျက်စတင်သီးသန့်တားဆေးကဒ်ဟာ သင့်ရဲ့ ဆေးလုံးကိုမေ့သွားရင်တောင်မှ ရွေးချယ်စရာတွေပေးမှာဖြစ်ပါတယ်။ သင်ဟာ ဆေးလုံးသောက်ဖို့ ရံဖန်ရံခါမေ့တတ်ရင်၊ နောက်ထပ်တလုံးကို ၂၄ နာရီအတွင်း သောက်နိုင်ပါတယ်။ သို့သော်လည်း ဆေးလုံးသောက်ရန်မေ့ခြင်းဟာ ဒီသန္ဓေတားဆေးရဲ့ ကိုယ်ဝန်ကာကွယ်ပေးနိုင်ခြင်း ထိရောက်မှုကို လျော့ကျစေပါတယ်။
အသေးစားတားဆေးကို သောက်ပြီးနောက် ဝမ်းလျှောတာ သို့မဟုတ် အော့အန်တာဖြစ်ရင် ကျွန်ုပ်ဘာလုပ်သင့်လဲ?
သင်ဟာ ပြင်းထန်သော အော့အန်ခြင်း နှင့်/သို့မဟုတ် ဝမ်းလျှောခြင်းကို ပရိုဂျက်စတင်သီးသန့်တားဆေးသောက်ပြီး သုံးနာရီအတွင်း ခံစားရပါက၊ ၎င်းဆေးလုံးဟာ သင့်ခန္ဓာကိုယ်အတွင်း အပြည့်အဝဝင်ရောက်မှုမရှိသည့် အခွင့်အရေးမြင့်မားပါတယ်။ ဆေးလုံးများကို ဆက်လက်သောက်ပါ သို့သော် အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းပြီးနောက် နောက်ထပ် ၄၈ နာရီအတွင်း အရံ သန္ဓေတားနည်းလမ်းကို အသုံးပြုပါ [6]။
ကျွန်ုပ််ဟာ နို့တိုက်ခြင်းဆက်မလုပ်တော့ရန် အသေးစားတားဆေးကို ဆက်သောက်သင့်ပါသလား?
သင်ဟာ နို့တက်ခြင်းရပ်လိုက်ရင် ဒီနည်းလမ်းကို သဘောကျပါက ဆက်လက်အသုံးပြုနိုင်ပါတယ်၊ သို့မဟုတ် သင့်ရဲ့ ဆရာဝန် သို့မဟုတ် သူနာပြုနှင့် နောက်ထပ် သန္ဓေတားနည်းလမ်းပြောင်းလဲဖို့ တိုင်ပင်နိုင်ပါတယ်။
အသေးစားတားဆေးသောက်ပြီးနောက် အကာအကွယ်မပါသောလိင်ဆက်ဆံမှုပြုလုပ်ရန် မည်သည့်အချိန်က အန္တရာယ်ကင်းပါသလဲ?
ပရိုဂျက်စတင်သီးသန့်တားဆေးမှ ကိုယ်ဝန်တားဆီးခြင်းတွင် ထိရောက်ရန် ၂ ရက်နီးပါး ကြာမြင့်ပါတယ်။ သို့ဖြစ်၍ ပထမနှစ်ရက်အတွင်း ကွန်ဒုံးကဲ့သို့ အကာအကွယ်နည်းလမ်းကို သင့်အနေနှင့် အသုံးပြုရန် အကြံပြုကြပါတယ်။ အဲ့ဒါပြီးသွားရင်တော့ သင်ဟာ အကာအကွယ်မပါသော လိင်ဆက်ဆံမှုကို ကိုယ်ဝန်အကြောင်းမစိုးရိမ်ပဲ လုပ်ဆောင်နိုင်ပါတယ်။ တခါတရံမှာ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် ဆေးဘူးအတွင်းရှိ ညွှန်ကြားချက်စာရွက်များဟာ ဆေးလုံးစသောက်ပြီး ၇ ရက်အထိ အရန်သန္ဓေတားနည်းလမ်းကို အသုံးပြုဖို့ အကြံပေးကောင်းပေးနိုင်ပါတယ်။ အသေးစားတားဆေးမှ မျိုးဥထွက်ခြင်းကို ကာကွယ်ရန် ၇ ရက်နီးပါးကြာမြင့်တတ်သောကြောင့် ယခုလို အကြံပေးကြခြင်းဖြစ်ပါတယ်။