သန္ဓေတားကပ်ခွာပြားရဲ့ဘေးထွက်ဆိုးကျိုးများဟာ ဆိုးဆိုးရွားရွားအန္တရာယ်ပေးနိုင်သည်များမရှိပဲ လအနည်းငယ်အတွင်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ၎င်းတို့မှာ [7]:
– သွေးဆင်းသည့်ပုံစံများပြောင်းလဲခြင်း (၎င်းတို့သည် ပိုမိုပေ့ါပါးပြီးရက်တိုသော သွေးဆင်းခြင်း၊ ကြာရှည်သော သို့မဟုတ် ပုံမှန်မဟုတ်သော သွေးဆင်းခြင်း၊ သို့မဟုတ် လစဥ်သွေးဆင်းမှုလုံးဝမရှိခြင်း)၊
– မအီမသာဖြစ်ခြင်း နှင့် အော့အန်ခြင်း၊
– ခေါင်းကိုက်ခြင်း၊
– ရင်သားနူးညံ့လာခြင်း၊
– ကပ်ခွာပြားကပ်ထားသည့်နေရာတွင် နီလာခြင်း သို့မဟုတ် ယားယံမှုဖြစ်လာခြင်း၊
– ဝမ်းဗိုက်အောင့်ခြင်း၊
– မအင်္ဂါနာကျင်ခြင်း (မအင်္ဂါ၏ နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း)၊
– တုပ်ကွေးလက္ခဏာများ/ အပေါ်ပိုင်းအသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း၊ နှင့်
– သွေးပေါင်ချိန်မြင့်ခြင်း။ သန္ဓေတားကပ်ခွာပြားဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို အနည်းငယ်မြင့်တက်စေနိုင်ပါတယ်။ အမျိုးသမီးအများစုအတွက်၊ ဒီလိုမြင့်တက်ခြင်းဟာ သူတို့ရဲ့ ကျန်းမာရေးကို မထိခိုက်စေပါဘူး။ သုံးစွဲကြသူများကို ၎င်းတို့ရဲ့ သွေးပေါင်ချိန်အား လအနည်းငယ်လျှင် တကြိမ်စစ်ဆေးဖို့ အကြံပေးထားပါတယ်။ ကပ်ခွာပြားကြောင့် သွေးပေါင်ချိန်တက်ခြင်းဟာ အလွန်မြင့်မားလာရင်၊ သုံးစွဲမှုရပ်တန့်ဖို့အကြံပြုပါတယ်။ သွေးပေါင်ချိန်ဟာ သင်သုံးစွဲမှုရပ်တန့်လိုက်တာနဲ့ ကျဆင်းသွားမှာဖြစ်ပါတယ်။
ကိုယ််ဝန်တားကပ်ခွာပြားဟာ သင့်ကို ကိုယ်အလေးချိန်တက်စေပါသလား?
မည်သည့်သုတေသနကမှ သန္ဓေတားကပ်ခွာပြားများဟာ ကိုယ်အလေးချိန်မြင့်တက်စေနိုင်ကြောင်း သက်သေပြထားခြင်းမရှိပါဘူး။ ခြောက်လကြာ ကပ်ခွာပြားသုံးစွဲသူများအား လေ့လာမှုတခု အရ ဒီလများအတွင်း ပါဝင်သုံးစွဲသူများဟာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်ထက်ပိုပြီးမတက်ခဲ့ကြပါဘူး။ ဒီ အလေးချိန်တက်ခြင်းဟာလည်း ကပ်ခွာပြားသုံးစွဲမှုနှင့် မသက်ဆိုင်ပါဘူး။
ကျွန်ုပ်ရဲ့သန္ဓေတားကပ်ခွာပြားဟာ ကျွန်ုပ်ကို ယားယံစေပါတယ်။ ဘယ်လိုလုပ်ရမလဲ?
ကပ်ခွာပြားမှ ယားယံခြင်းကို ကာကွယ်နိုင်ဖို့၊ သင်ဟာ အခြားဘာမှမလိမ်းထားတဲ့ သန့်ရှင်းပြီး ခြောက်သွေ့သောအရေပြားပေါ်ကပ်တယ်ဆိုတာသေချာပါစေ။ ၎င်းနေရာမှ ယားယံခြင်း သို့မဟုတ် ရှထားခြင်းမရှိဖို့လိုအပ်ပြီး အရင်ကပ်ထားတဲ့နေရာမဖြစ်ဖို့လည်း လိုပါတယ်။ သင်ဟာ ကပ်ခွာပြားကပ်ပြီး ယားယံလာတယ် သို့မဟုတ် အနီရောင်သမ်းလာတယ်ဆိုရင်၊ ခွာပစ်ပြီး အသစ်တခုကို မတူညီတဲ့နေရာမှာကပ်ပါ။ ခုနက ကပ်ထားသော နေရာကို ရေ၊ ဆပ်ပြာအပျော့တို့ဖြင့်ဆေးပါ၊ ပြီးနောက် ရေခဲကပ်ခြင်း သို့မဟုတ် ယားယံခြင်းပျောက်ခရင်မ်တို့ကိုလိမ်းပါ။ သင့်မှာ ပြင်းထန်ပြီး နာကျင်တဲ့ ဓာတ်မတည့်မှုမျိုးဖြစ်ရင်၊ ရောင်ရမ်းမှုနဲ့ နာကျင်မှုသက်သာစေဖို့ သင့်အနေနဲ့ ဆေးဆိုင်များမှ ယားနာပျောက်သောက်ဆေး နှင့် အကိုက်အခဲပျောက်ဆေးတို့ကိုသောက်နိုင်ပါတယ်။ နေရာအသစ်မှာလည်း ဒီလိုမျိုးဖြစ်ရင်၊ သင်ဟာ ကပ်ခွာပြားနဲ့ ဓာတ်မတည့်နိုင်တဲ့ အလားအလာရှိပြီး သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် အခြား သန္ဓေတားနည်းလမ်းရွေးချယ်စရာများအကြောင်းဆွေးနွေးသင့်ပါတယ်။
ကျွန်ုပ််ရဲ့ သန္ဓေတားကပ်ခွာပြား ကွာကျခဲ့ရင်ဘာဖြစ်မလဲ?
ပုံမှန်သုံးစွဲမှုဖြင့်သုံးသည့်အခါတွင် သန္ဓေတားကပ်ခွာပြားဟာ အလွန်စေးကပ်နိုင်ပြီး ရေပူချိုးဇလုံ၊ အပူထုတ်ခန်း၊ ရေချိုးခန်း သို့မဟုတ် ရေကူးကန်များတွင်တောင်မှ ကွာမကျနိုင်ပါ။ သို့သော်လည်း၊ ကွာကျခဲ့ပါက၊ ကွာကျသွားသည့်အချိန်သည် ၄၈ နာရီအောက်နည်းခဲ့လျှင် အသစ်တခုထပ်ကပ်ပြီး ပုံမှန်လဲရမည့်ရက်တွင်အသစ်ကပ်ပါ။ ယခင်ခုနှစ်ရက်အတွင်း နှင့် တတိယအပတ်ရောက်ပါက လေးပတ်မြောက်မရောက်ခင် ခုနှစ်ရက်အတွင်း သင်ဟာ ကပ်ခွာပြားကို မှန်ကန်စွာသုံးစွဲခဲ့လျှင် ကိုယ်ဝန်ဆောင်ခြင်းအန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်ပါတယ်။
ကပ််ခွာပြားဟာ ၄၈ နာရီအထက်ကွာကျထားလျှင် သို့မဟုတ် ကွာကျထားသည့်အချိန်ကို သင်မသေချာလျှင်၊ ကပ်ခွာပြားအသစ်ထပ်ကပ်ပြီး သင့်အနေနှင့် ပထမ အပတ် နှင့် ဒုတိယအပတ်အတွင်းဖြစ်ပါက ပုံမှန်ရက်တွင်လဲလှယ်ပါ။ တတိယအပတ်တွင်ဖြစ်ပါက၊ ကပ်ခွာပြားကပ်သည့်ကာလအသစ်ကို စတင်ပါ (ပထမရက်မှစတင်ပါ)၊ ကပ်ခွာပြားမကပ်ရသည့်အပတ်ကို ကျော်လိုက်ပါ။ အခြေအနေနှစ်ရပ်လုံးတွင်၊ နောက်ထပ် ခုနှစ်ရက်အတွက် အရန်သန္ဓေတားနည်းလမ်းကိုသုံးစွဲပါ။
ကပ်ခွာပြားမကပ်ရသည့်အပတ်အတွင်း သို့မဟုတ် ပထမအပတ်အတွင်း သင် လိင်ဆက်ဆံထားပြီး ကပ်ခွာပြား ကွာကျသွားပါက၊ သို့မဟုတ် ဒုတိယ၊ တတိယအပတ်အတွင်း သင်လိင်ဆက်ဆံထားပါက၊ သို့မဟုတ် ကပ်ခွာပြားသည် ခုနှစ်ရက်အတွက် ကောင်းမွန်စွာ ကပ်ထားခြင်းမရှိပါက၊ အရေးပေါ်သန္ဓေတားဆေးကို သုံးစွဲပါ။ သင့်အတွက် အခြားဆောင်ရွက်နိုင်သည့် ရွေးချယ်စရာများနှင့် ပတ်သက်ပြီး သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ဆွေးနွေးနိုင်သည်။
ရှုပ်ထွေးမှုများ
သန္ဓေတားကပ်ခွာပြားရဲ့ရှုပ်ထွေးမှုများဟာ သန္ဓေတားသောက်ဆေးရဲ့ရှုပ်ထွေးမှုများနှင့် ဆင်တူပါတယ်။ ၎င်းတို့မှာ –
အလွန်ရှားပါးသော
-နှလုံးဖောက်ခြင်း
– လေဖြတ်ခြင်း
သွေးပြန်ကြောသွေးကြောပိတ်ခြင်း။ အလွန်အမင်းရှားပါးသောအခြေအနေများတွင် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့် သွေးကြောပိတ်ဆို့ခြင်းများသည် ခြေထောက်များ သို့မဟုတ် အဆုတ်များ၏ သွေးကြောများတွင် ဖြစ်နိုင်သည်။ ကပ်ခွာပြားသုံးစွဲခြင်းသည် သွေးကြောပိတ်ဆို့မှုဖြစ်နိုင်ချေကို အနည်းငယ်မြှင့်တင်ပေးသည်။ သန္ဓေတားကပ်ခွာပြားသုံးစွဲသည့်အမျိုးသမီးများသည် တားဆေးသောက်သုံးသူများနှင့် ယှဥ်လျှင် အက်စတိုဂျင်ပမာဏ ပိုမိုထိတွေ့ရသဖြင့်၊ ကပ်ခွာပြားသုံးစွဲစဥ် သွေးကြောပိတ်ဆို့နိုင်သည့်အန္တရာယ်သည်ပိုမိုမြင့်မားပြီး ခန့်မှန်းချေအားဖြင့် ၅၀၀ တွင် ၁ ယောက်ဖြစ်နိုင်သည်။ [8]
သင့်အနေနှင့်အောက်ပါများမှ တခုခုကြုံတွေ့ရပါက သင့်ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည် :
– ပြင်းထန်သော ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းတခြမ်းကိုက်ခြင်း၊
– အသက်ရှုရခက်ခဲခြင်းများ၊
– သင့်ခြေထောက်တွင် နာကျင်သောရောင်ရမ်းမှု၊
– လက် သို့မဟုတ် ခြေထောက်တွင် ထုံခြင်း သို့မဟုတ် အားနည်းခြင်း၊
– သင့်စကားပြောဆိုခြင်း သို့မဟုတ် အမြင်အာရုံနှင့်ပတ်သက်သည့် ရုတ်တရက်ပြဿနာများ၊
– ချောင်းဆိုးသွေးပါခြင်း၊
– ရင်ဘတ်နာကျင်ခြင်းများ၊ အထူးသဖြင့်အသက်ရှုရာတွင်နာလျှင်၊
– ပြင််းထန်သောရင်ဘတ်အောင့်ခြင်း၊ နှင့်
– မရှင်းပြနိုင်သော မူးမော်ခြင်း သို့မဟုတ် မေ့လဲခြင်း။
ဒီလက္ခဏာများဟာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
အကယ်၍၊ သုံးလကြာပြီးနောက်၊ ဘေးထွက်ဆိုးကျိုးများဟာ သင်လက်ခံနိုင်သည့်ပမာဏထက်ပိုများသည်ဟုခံစားရပါက၊ နည်းလမ်းအသစ်ပြောင်းလဲပြီး ကိုယ်ဝန်ကို ဆက်လက်ကာကွယ်ပါ။ သင့်လိုအပ်နှင့်ကိုက်ညီသည့် နည်းလမ်းအသစ်ရှာဖွေနေစဥ်အတွင်း ကွန်ဒုံးများဟာ ကောင်းမွန်သည့်ကာကွယ်မှုပေးနိုင်ပါတယ်။ သန္ဓေတားကပ်ခွာပြားဟာ သင့်ကို လိင်မှကူးစက်သောရောဂါများမှ ကာကွယ်မှုမပေးဘူးဆိုတာ မှတ်သားထားပေးပါ။