သားကြောဖြတ်ခြင််းဟာ မြန်ဆန်ပြီး နာကျင်မှုမရှိတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ၎င်းကို ထုံဆေးဖြင့် လုပ်ဆောင်ပေးတာဖြစ်ပြီး ၁၀ မိနစ်မှ ၃၀မိနစ်ကြာမြင့်ပါတယ်။ ခွဲစိတ်မှုပုံစံအပေါ်မူတည်ပြီး သားကြောဖြတ်ခြင်းဟာ ဆေးခန်း သို့မဟုတ် ကျန်းမာရေးစင်တာမှာ လုပ်ဆောင်လို့ရနိုင်ပါတယ်။ ပြီးတော့ ခွဲစိတ်မှုပြီးတာနဲ့ သင့်အနေနဲ့ အိမ်ပြန်လို့ရပါတယ်။
သားကြောဖြတ်ရန် မည်ကဲ့သို့ ပြင်ဆင်ရမလဲ
ခွဲစိတ်မည့်နေ့တွင်၊ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ချိန်းဆိုထားရန် အရေးကြီးပါတယ်။
ချိန်းဆိုမှုအတွင်းမှာ သားကြောဖြတ်ခြင်းဟာ သင်အတွက် ကောင်းမွန်မှု ရှိ၊မရှိ ကူညီဆုံးဖြတ်ပေးနိုင်မဲ့ အကြံပြုဆွေးနွေးခြင်းလည်း ပါဝင်မှာဖြစ်ပါတယ်။ အန္တရာယ်များနှင့်အကျိုးကျေးဇူးများ၊ ခွဲစိတ်နေစဥ်အတွင်းနှင့်ခွဲစိတ်ပြီးနောက် မျှော်လင့်နိုင်သည့်အရာများ၊ ခွဲစိတ်ပြီးနောက်ထပ် သုံးလအတွင်း သန္ဓေတားနည်းလမ်းအသုံးပြုရန်အရေးကြီးသည့် အကြောင်းပြချက်တို့ပါဝင်သောအချက်အလက်များကိုလည်း သင့်အားမျှဝေပေးသွားမှာဖြစ်ပါတယ်။
အကြံပြုဆွေးနွေးခြင်းလုပ်ငန်းစဥ်ဟာ သင့်အား ကြိုတင်သိရှိထားသော ဆုံးဖြတ်ချက်ချမှတ်ရန်ကူညီပေးမှာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်များထဲမှာ မခွဲစိတ်ခင် သင်စိတ်ပြောင်းသွားခြင်းလည်းပါဝင်ပါတယ်။ အကယ်၍ သင်စိတ်ပြောင်းသွားပါက၊ သင့်အနေနဲ့ တခြားသန္ဓေတားနည်းလမ်းအချက်အလက်များ နဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ်။ သင်ဟာ ချက်ချင်းဆုံးဖြတ်နိုင်သလို အိမ်ပြန်ပြီး စဥ်းစားနိုင်ပါသေးတယ်။
သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ အထွေထွေခန္ဓာကိုယ်စစ်ဆေးခြင်း(လိင်အင်္ဂါစစ်ဆေးခြင်းအပါအဝင်) ကိုလုပ်ဆောင်မှာဖြစ်ပြီး သင့်ရဲ့ ကျန်းမာရေးရာဇဝင်ကို မှတ်တမ်းတင်ပါမယ်။ သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများ သို့မဟုတ် လက်ရှိခံယူနေသော ကုသမှုများကို ပြောပြရန် သေချာပါစေ။
ခွဲဲစိတ်ရန်ဆုံးဖြတ်ပါက၊ သင့်ရဲ့ သဘောတူညီမှုကို ပေးရန်လိုအပ်ပါတယ်။ အချို့သော ကျန်းမာရေးစင်တာများတွင်၊ သင်နှင့်သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူနှစ်ယောက်လုံးဟာ သဘောတူညီချက်ဖောင်ကို လက်မှတ်ရေးထိုးရန်လိုအပ်ပါတယ်။
သင့်ရဲ့ သဘောတူညီမှုပေးပြီးသွားတာနဲ့ သင်ဟာခွဲစိတ်ကုသရန် ရက်ချိန်းယူနိုင်ပါပြီ။ သင့်ကို အောက်ပါအတိုင်း ခွဲစိတ်မှုအတွက် ပြင်ဆင်ရန် အကြံပေးသွားမှာဖြစ်ပါတယ် :
– သက်တောင့်သက်သာရှိသောအဝတ်အစားများဝတ်ဆင်ပါ။
– ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ ပေးသောဆေးများကို သောက်ပါ။
– တကိုယ်ရည်သန့်ရှင်းမှုကို ထိန်းသိမ်းပါ။ ခွဲစိတ်ရန်မသွားခင်ရေချိုးပါ၊ ကပ္ပာယ်အိတ်ကို ဖုံးအုပ်နိုင်သော လိင်အင်္ဂါအမွှေးများကို ညှပ်ပါ။
– ကျန်းမာရေးစင်တာသို့ အသွားနှင့်အပြန်အတွက် သွားလာရေးစီစဥ်မှုများပြုလုပ်ပါ။
နောက်အဆင့်ဟာ သားကြောဖြတ်ရန်အတွက် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူအား တွေ့ဆုံခြင်းဖြစ်ပါတယ်။
သားကြောဖြတ်ခြင်းနည်းလမ်းများ
သားကြောဖြတ်ခြင်း နည်းလမ်း နှစ်ခုသာရှိပါတယ် – မလှီးဖြတ်ခြင်း နှင့် ခွဲစိတ်ခြင်းဖြစ်ပါတယ် (၇)။
မလှီးဖြတ်ခြင်းနည်းလမ်း
“ပြွန်သို့သွားရောက်ခြင်း”နည်းလမ်းဟုလည်းသိကြသည့် ဤမလှီးဖြတ်သည့်နည်းလမ်းတွင် သုက်ကောင်များကို လိင်တံထံသယ်ယူပေးသော ပြွန်များ (vasa deferentia) သို့တိုက်ရိုက်ရောက်သည့် သေးငယ်သောထွင်းဖောက်မှုလုပ်ခြင်းပါဝင်ပါတယ်။ ပြီးနောက်မှာ ပြွန်များကို ချည်နှောင်ပြီး ဖြတ်ပစ်ပါတယ်။
ဒီခွဲစိတ်ခြင်းဟာ အများဆုံး ၂၀ မိနစ်သာ ကြာမြင့်ပါတယ်။
၎င်းဟာ ကမ္ဘာတဝှမ်းစံသားကြောဖြတ်ခြင်းခွဲစိတ်မှုဖြစ်လာပြီး ခွဲစိတ်ခြင်းနည်းလမ်းနှင့်မတူပဲ ကပ္ပာယ်အိပ်တွင် အသေးစားအပေါက်တခုသာ ပြုလုပ်ရပါတယ်။ ဒါ့အပြင် တွဲဖက်အသုံးပြုတဲ့ အထူးထုံဆေးနည်းလမ်းကလည်း အပေါက် နှစ်ပေါက်အစား တစ်ပေါက်သာလိုအပ်ပါတယ်။
အသားကို ပြန်ပိတ်ရန်အတွက် ပြန်ချုပ်ဖို့ မလိုအပ်ပါဘူး။ မလှီးဖြတ်ခြင်းနည်းလမ်းဟာ အချိန်နည်းနည်းပဲယူတယ်၊ ထိခိုက်မှု နဲ့ နာကျင်မှု ပိုနည်းပြီးတော့ ဖောက်ထားတဲ့နေရာမှာ ပိုးဝင်မှုနှင့် hematomas (သွေးစုနာ) လည်းပိုနည်းပါတယ်။ ယေဘုယျအားဖြင့် ဒီခွဲစိတ်မှုကို အနာကျက်မြန်ခြင်းနှင့် နောက်ဆက်တွဲရှုပ်ထွေးမှုမရှိခြင်းတို့အတွက် လူသိများပါတယ်။
ခွဲစိတ်သားကြောဖြတ်ခြင်း
ခွဲစိတ်ခြင်းအခြေခံသားကြောဖြတ်ခြင်းဟာ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ရပြီး ဆေးခန်း သို့မဟုတ် ဆေးရုံတွင် နားရမှု မရှိသည့် မြန်ဆန်သော ခွဲစိတ်မှုဖြစ်ပါတယ်။ ၎င်းဟာ မိနစ် ၂၀ – ၃၀ အထိ ကြာမြင့်ပြီး ကပ္ပာယ်ကို ထုံဆေးပေးပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ကပ္ပာယ်အိတ်မှာ ခွဲစိတ်မှု နှစ်ခုပြုလုပ်မှာဖြစ်ပြီး ပြွန်တခုချင်းစီရဲ့ တိုတောင်းတဲ့ အပိုင်းတွေကို ခွဲထုတ်မှာပါ။
အဲ့ဒီ့နောက်မှာ ပြွန်များရဲ့ လက်ကျန်အပိုင်းကိုချည်ခြင်း သို့မဟုတ် ပြင်ပဓာတ်အားဖြင့် ဆဲလ်များဖျက်ဆီးခြင်း(အပူ သို့မဟုတ် လျှပ်စစ်ဖြင့် ပိတ်ခြင်း) ပြုလုပ်ကာ သုက်ကောင်များ သုက်ရည်အတွင်းဝင်ရောက်ခြင်းကို ကာကွယ်မှာဖြစ်ပါတယ်။ သုက်ကောင်များ မထွက်လာနိုင်သောကြောင့် အမျိုးသမီးလက်တွဲဖော်ဟာ ကိုယ်ဝန်ရမှာမဟုတ်ပါဘူး။
မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ သားကြောဖြတ်ခြင်းဟာ သုက်ကောင်များကို သုက်ရည်အတွင်းဝင်ရောက်ခြင်းမှ ပိတ်ပင်သွားမှာဖြစ်ပါတယ်။ သို့သော် သုက်ကောင်များဟာ ပြွန်များထဲမှာ လအနည်းငယ်ကျန်ရှိနေနိုင်ပါတယ်။ သုက်ကောင်များ လုံးဝမရှိတော့တဲ့ သုံးလလောက်အထိ အခြားသန္ဓေတားနည်းလမ်း (ကွန်ဒုံးကဲ့သို့) ကို အသုံးပြုသင့်ပါတယ် (၈)။
သားကြောဖြတ်ခြင်းဟာ နာကျင်ပါသလား?
သားကြောဖြတ်ခြင်းဟာ ယေဘုယျအားဖြင့် မနာကျင်ပါဘူး။ အဆင့်မြင့်ဆီးလမ်းကြောင်းသားကြောဖြတ်ခြင်းဆေးခန်း အရ၊ သင်ဟာ ထုံဆေးထိုးချိန်မှာ စူးခနဲနာကျင်မှုခံစားရနိုင်ပါတယ် (ထုံဆေးအာနိသင်မရမှီ) ။ အချို့အမျိုးသားများဟာ ၎င်းတို့ရဲ့ ပြွန်များကိုမျက်နှာပြင်ပေါ်သို့ ဆွဲထုတ်ချိန်မှာ ဆွဲထုတ်ခံရတဲ့ ခံစားမှုမျိုးရတယ်လို့ ပြောကြပါတယ်။ သို့သော်လည်း ဒီခံစားမှုဟာ စက္ကန့်အနည်းငယ်သာကြာပါတယ်။
သားကြောဖြတ်ပြီးနောက် ကျွန်ုပ်ဘာကို မျှော်လင့်ထားရမလဲ?
သင်ဟာ ခွဲစိတ်ပြီးနာကျင်မှု၊ ဒဏ်ရာ နှင့် ရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒီအရာများကို အကိုက်အခဲပျောက်ဆေးများ နှင့်ကုသနိုင်ပြီး နှစ်ရက်အတွင်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ရောင်ရမ်းတဲ့နေရာမှာ ရေခဲကပ်ပြီး လျှော့ချနိုင်ပါတယ်။ သင်ဟာ ကပ္ပာယ်အိတ်ကို နေရာတကျရှိစေရန်အတွက် ကျပ်တဲ့ဘောင်းဘီတွေဝတ်နိုင်ပါတယ်။
ပြန်လည်ကောင်းမွန်ရန် တစ်ရက် မှ နှစ်ရက်အထိ ပြင်ဆင်ထားပါ။
လှီးထားတဲ့ နေရာများဟာ အလိုအလျောက် အနာကျက်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း သင်ဟာ လဲလှယ်ရမည့်ပတ်တီးများ အုပ်ထားနိုင်ပါတယ်။ ၂၄ နာရီအတွင်း သွေးထွက်ခြင်းများဟာ ပျောက်သွားမှာဖြစ်ပါတယ်။
သားကြောဖြတ်ထားသူတဦးဟာ နှစ်ရက်အတွင်းပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။သို့သော်လည်း၊ တပတ်လောက်အထိ၊ သင်ဟာ ပြင်းထန်သောလှုပ်ရှားမှုများ၊ လိင်ဆက်ဆံခြင်း နှင့် သုက်လွှတ်စေမည့်အရာများလုပ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ သားကြောဖြတ်ပြီး သိပ်မကြာခင် သုက်လွှတ်ခြင်းဟာ သင့်ရဲ့ ခွဲစိတ်ထားမှုကို ပြန်ပွင့်စေပြီး ပိုးဝင်သည့်အန္တရာယ် နှင့် သားကြောဖြတ်ပြီးနောက်ရှုပ်ထွေးမှုဖြစ်နိုင်ခြင်း အန္တရာယ်တို့ကို ပိုမြင့်စေပါတယ်။
သားကြောဖြတ်ပြီးနောက်် မည်မျှ အကြာတွင် ကျွန်ုပ်ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ?
ဒီီဟာက လူတစ်ဦးနှင့် တစ်ဦးကွာခြားပါတယ်။ သားကြောဖြတ်ပြီးနောက် ၄၈ နာရီအတွင်း လုံးဝလိင်မဆက်ဆံရမှာဖြစ်သော်လည်း၊ ခွဲစိတ်မှုပြီးနောက် တစ်ပတ်အတွင်းမှာ အကာအကွယ်နှင့် လိင်ဆက်ဆံမှု ပြုလုပ်နိုင်ပါတယ်။ သားကြောဖြတ်ပြီး သုံးလအကြာ သို့မဟုတ် သုက်ရည်ဆန်းစစ်မှုတွင် သုက်ကောင်များလုံးဝမရှိတော့ကြောင်း သေချာသွားသည့်အခါတွင် သင်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
သင်ပြန်လည်ပြီး လိင်ဆက်ဆံသည့်အခါ၊ သင် နှင့် သင့်ရဲ့ အမျိုးသမီးလက်တွဲဖော်ဟာ အခြားသန္ဓေတားနည်းလမ်းတခုခုကို ဆက်လက်သုံးစွဲရမှာဖြစ်ပြီး သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ သန္ဓေတားနည်းလမ်းသုံးစွဲစရာမလိုတော့ဘူးလို့ ပြောသည်အထိ အသုံးပြုပေးရပါမယ်။
သားကြောဖြတ်ခြင်း ပြောင်းပြန်ခွဲစိတ်ခြင်း
ဤခွဲစိတ်ခြင်းဟာ သားကြောဖြတ်ခြင်းကို ပြန်ပြင်ဖို့အတွက် ဖြစ်ပါတယ်။ ပြန်လည်ပြင်ဆင်ခြင်းကို အကြောင်းပြချက်များစွာအတွက်လုပ်ကြပါတယ်။ဒီအကြောင်းပြချက်တွေထဲမှာ စိတ်ပြောင်းခြင်း၊ ကလေးဆုံးရှုံးခြင်း၊ ပြန်လည်လက်ထပ်ခြင်း သို့မဟုတ် သားကြောဖြတ်ပြီးနောက် လိင်အင်္ဂါနာကျင်ခြင်းကို ကုသရန် တို့ ပါဝင်ပါတယ်။
သားကြောဖြတ်ပြောင်းပြန်ခွဲစိတ်ခြင်းဟာ ဝှေးစေ့မှ သုက်ကောင်များအား သုက်ရည်အတွင်းသို့ သယ်ဆောင်ပေးတဲ့ ပြွန်များကို ပြန်လည်ချိတ်ဆက်ခြင်းဖြစ်ပါတယ်။ ပြောင်းပြန်ခွဲစိတ်ခြင်းပြီးဆုံးပါက၊ သုက်ကောင်များဟာ သင့်ရဲ့ သုက်ရည်ထဲ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး သင်ဟာ တစုံတယောက်ကို ကိုယ်ဝန်ရစေနိုင်မှာပါ။ ပြောင်းပြန်ခွဲစိတ်ခြင်းများဟာ ပြင်းထန်တဲ့ ရှုပ်ထွေးမှုများမဖြစ်စေနိုင်သော်လည်း၊ ၎င်းမှာ အောက်ပါတို့အပါအဝင် အန္တရာယ်အချို့ရှိပါတယ်
– ခွဲစိတ်သည့်နေရာတွင် ပိုးဝင်ခြင်း။ အခြားခွဲစိတ်မှုများကဲ့သို့၊ သင်ဟာ ခွဲစိတ်ပြီးနောက်ပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဒါကို ပိုးသတ်ဆေးများနှင့် အလွယ်တကူ ကုသနိုင်ပါတယ်။
– ကာလကြာရှည်နာကျင်ခြင်း။ ကြာရှည်နာကျင်မှုဟာ ရှားပါးတဲ့ ပြောင်းပြန်ခွဲစိတ်ပြီးနောက်အန္တရာယ်ဖြစ်ပါတယ်။
– ကပ္ပာယ်အိတ်တွင် သွေးထွက်ခြင်း။ ဤအချက်ဟာ သွေးစုနာ (သွေးများစုစည်းမှုကြောင့် ရောင်ရမ်းခြင်း)ဖြစ်စေနိုင်ပါတယ်။ ဤအရာကို ရှောင်ရှားရန် သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူ၏ ခွဲစိတ်ပြီးနောက်ညွှန်ကြားချက်များကို အတိအကျလိုက်နာပါ။ ဤညွှန်ကြားချက်များတွင် လုံလောက်စွာအနားယူခြင်း၊ ကပ္ပာယ်အကူအညီပစ္စည်းသုံးစွဲခြင်း နှင့် ခွဲစိတ်ပြီးနောက် ရေခဲအိတ်ကပ်ခြင်းတို့ပါဝင်ပါတယ်။ ခွဲစိတ်မှုမတိုင်ခင် နှင့် ခွဲစိတ်ပြီးနောက် သင့်အနေနဲ့ ရှောင်ရှားရမည့် သွေးကျဲဆေးများရှိပါကလည်း ၎င်းတို့ကို သိရှိထားရန် အရေးကြီးပါတယ်။
သားကြောဖြတ်ခြင်းပြောင်းပြန်ခွဲစိတ်မှုအောင်မြင်နှုန်း
သားကြောဖြတ်ခြင်းပြောင််းပြန်ခွဲစိတ်မှုဟာ သင့်ကို ကိုယ်ဝန်ရရှိရန်အတွက် အာမခံချက်မပေးပါဘူး။ သားကြောဖြတ်ခြင်းပြောင်းပြန်ခွဲစိတ်မှုပြီးနောက် ကိုယ်ဝန်ရရှိနိုင်ခြင်းဟာ သားကြောဖြတ်ပြီးနောက်ကြာချိန် (ကြာချိန်များလေ၊ အောင်မြင်မှုနှုန်းနည်းလေဖြစ်ပါတယ်)၊ သားကြောမဖြတ်ခင်မျိုးအောင်ခြင်း ပြဿနာများရှိ၊မရှိ၊ သင့်လက်တွဲဖော်၏ အသက်၊ သင့်ခွဲစိတ်ဆရာဝန်၏ သားကြောဖြတ်ပြောင်းပြန်ခွဲစိတ်မှုအတွက် လေ့ကျင့်ထားမှုနှင့်ကျွမ်းကျင်မှု စသည့် အကြောင်းအရာများစွာအပေါ်မူတည်ပါတယ်။ ဤအချက်များကိုမူတည်ပြီး ပြောင်းပြန်ခွဲစိတ်မှုပြီးနောက် ကိုယ်ဝန်ရနိုင်ချေဟာ ၃၀-၉၀% အတွင်း ရှိနိုင်ပါတယ် (၉)။