သားကြောဖြတ်ခြင်းဆိုတာဘာလဲ?
“အမျိုးသားသားကြောဖြတ်ခြင်း” သို့မဟုတ် “အမျိုးသားခွဲစိတ်သန္ဓေတားခြင်း” ဟု သိရှိကြသော သားကြောဖြတ်ခြင်းသည် သုက်ကောင်များသယ်ဆောင်သော ပြွန်များကို ပိတ်ဆို့သည့် တသက်တာသန္ဓေတားနည်းလမ်းဖြစ်ပါတယ်။ ဤသားကြောဖြတ်ခြင်းဟာ အခြားတယောက်ယောက်အား ကိုယ်ဝန်ဆောင်မှု လုံးဝမဖြစ်စေရန် လုပ်ဆောင်ပေးပါတယ်။ ၎င်းဟာ ကလေးယူရန်လုံးဝစိတ်ကူးမရှိသော အမျိုးသားများ သို့မဟုတ် မိဘဖြစ်ပြီး ကလေးထပ်မယူလိုသည့် အမျိုးသားများအတွက် စီစဥ်ပေးထားတာဖြစ်ပါတယ်။ ဤသားကြောဖြတ်ခြင်းဟာ အမျိုးသားတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လုံးဝ မထိခိုက်စေပါဘူး။
အမျိုးသားသားကြောဖြတ်ခြင်းကို ရိုးရှင်းပြီး လုံးဝ အန္တရာယ်ကင်းတဲ့ ခွဲစိတ်မှုဖြင့်လုပ်ဆောင်တာဖြစ်ပါတယ်။ ၎င်းခွဲစိတ်မှုဟာ တသက်တာအတွက် ကိုယ်ဝန်ကာကွယ်ရာမှာ လုံးဝ ထိရောက်စေပါတယ် (၁)။
သားကြောဖြတ်ခြင််း လုပ်ဆောင်ပြီးပါက၊ မျိုးအောင်မှုလုံးဝ ရှိတော့မှာမဟုတ်ပါဘူး။ ပြန်လည်ပြီးတော့လည်း မျိုးအောင်ဖို့ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒီလုပ်ဆောင်မှုက တသက်တာအတွက် အတည်ဖြစ်ပါတယ်။ သို့သော်လည်း အကယ်၍ သင့်အနေနဲ့ သားကြောဖြတ်ပြီးချိန်မှ ပြန်လည်မျိုးအောင်ချင်တယ်ဆိုရင်တော့၊ သားကြောဖြတ်မှုပြောင်းပြန်ပြန်လုပ်ခြင်း ခွဲစိတ်မှု သို့မဟုတ် ဖန်ပြွန်အိမ်သန္ဓေတည်ခြင်းနည်းလမ်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ သုက်ကောင်ထုတ်ယူခြင်းကုသမှုတို့ကို အသုံးပြုနိုင်ပါတယ်။ ဒီရွေးချယ်စရာနှစ်ခုဟာ ယေဘုယျအားဖြင့် ကုန်ကျစရိတ်များပြီး ခက်ခဲပါတယ်။ ဒါ့အပြင် နေရာအများစုမှာ ကုသဖို့ ခံယူဖို့ ခက်ခဲနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ပြောင်းပြန်ပြန်လုပ်ခြင်းခွဲစိတ်မှု သို့မဟုတ် သုက်ကောင်ထုတ်ယူခြင်းကုသမှုတို့ကို ခံယူပြီးသွားပြီဆိုရင်တောင်မှ ကိုယ်ဝန်ရအောင် လုပ်နိုင်ဖို့အတွက် အာမခံချက် မရှိပါဘူး (၂)။
သားကြောဖြတ်ခြင်းဟာ ကောင်းမွန်တဲ့ နည်းလမ်းတခုဖြစ်ပါသလား?
သင့်လက်တွဲဖော်နှင့်အတူ သားကြောဖြတ်ခြင်းအကြောင်း တိုင်ပင်ဆွေးနွေးပြီး ၎င်းဟာ သင်တို့အတွက် မှန်ကန်တဲ့ နည်းလမ်းဖြစ်၊ မဖြစ် ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။ အောက်ပါ အခြေအနေများရှိပါက သားကြောဖြတ်ခြင်းဟာ ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်နိုင်ပါတယ်
– သင့်မှာ မိသားစုရှိပြီးပြီ – ကလေးများ ရှိပြီးပြီ သို့မဟုတ် သင်တို့ဟာ ကလေး လုံးဝမလိုချင်တော့ဘူး။
– သင် သို့မဟုတ် သင့်လက်တွဲဖော်တို့မှာ မျိုးရိုးဗီဇအရ ချို့ယွင်းမှုရှိပြီး ၎င်းကို သင်တို့ရဲ့ ကလေးထံ လက်ဆင့်မကမ်းပေးချင်ဘူး။
– ကိုယ်ဝန်ဆောင်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်မယ်။ သင် သို့မဟုတ် သင့်လက်တွဲဖော်မှ ကိုယ်ဝန်မဆောင်သင့်တဲ့ ကျန်းမာရေးအရ အကြောင်းပြချက်ရှိတယ်ဆိုရင်၊ သားကြောဖြတ်ခြင်းဟာ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်နိုင်ပါတယ်။
သားကြောဖြတ်ခြင်းလုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေများဟာ တနိုင်ငံ နှင့် တနိုင်ငံ ကွာခြားမှု ရှိပါတယ်၊ အချို့နိုင်ငံများဟာ အကြောင်းပြချက်အများအပြားအတွက် ခွင့်ပြုပေးနိုင်သော်လည်း အချို့နိုင်ငံများကတော့ ပိုပြီး ကန့်သတ်မှုရှိပါတယ်။ အချို့နိုင်ငံများမှာတော့ ရှင်းလင်းတဲ့ ဥပဒေများမရှိပဲ၊ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ သင့်အနေနဲ့ သားကြောဖြတ်ဖို့ စဥ်းစားနေတယ်ဆိုရင်၊ သင့်နိုင်ငံရှိဥပဒေများရဲ့ ခွင့်ပြုချက်များကို ရှာဖွေလေ့လာဖို့လိုအပ်ပါတယ် (၃)။
မည်သူက သားကြောဖြတ်နိုင်ပါသလဲ?
ကောင်းမွန်ပြည့်စုံသည့် ဆွေးနွေးတိုင်ပင်မှုနဲ့အတူ၊ မည်သည့်အမျိုးသားမဆို သားကြောဖြတ်နိုင်ပါတယ်။ ဒီအမျိုးအစားထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်
– လက်ထက်ပြီးသား သို့မဟုတ် လက်မထပ်ရသေးသူ အမျိုးသားများ၊
– ကလေးရှိသူ သို့မဟုတ် ကလေးမရှိသည့် အမျိုးသားများ၊
– လူငယ်၊ လူကြီး (အသက် ၁၈ နှစ်ပြည့်ပြီးသည့် မည်သည့်အမျိုးသားမဆို သားကြောဖြတ်နိုင်ပါတယ်၊ သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာအရ ထက်သန်ပြီး၊ စိတ်ကျန်းမာရေး နှင့် ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ပါက၊ အမြင့်ဆုံးအသက်အရွယ်ဟူ၍ မရှိပါ၊ သင့်အနေနဲ့ ဒီလုပ်ဆောင်မှုအတွက် အဆင်သင့်ဖြစ်၊ မဖြစ်ဆိုတာဟာ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူ၏ ဆုံးဖြတ်ချက်နှင့် သက်ဆိုင်ပါတယ်)၊
– လက််တွဲဖော်၏ ခွင့်ပြုချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊
– တံစဥ်ပုံသွေးအားနည်းရောဂါရှိသူ အမျိုးသားများ၊
– HIV ကဲ့သို့ လိင်မှတဆင့်ကူးစက်သည့်ရောဂါများ (STI) များ နှင့် ရောဂါများ ဖြစ်နိုင်ချေများသူ အမျိုးသားများ၊ နှင့်
– HIV ရှိသူအမျိုးသားများ၊ ART ဆေး သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ။
အရေးအကြီးဆုံးအချက်မှာ သားကြောဖြတ်ပြီးနောက် နောင်တမရရှိရန် သေချာသည့်သူမှသာ ဤ သားကြောဖြတ်ခြင်းကို လုပ်ဆောင်ရမှာဖြစ်ပါတယ် (၄)။
သားကြောဖြတ်ခြင်းဟာ ဘယ်လိုအလုပ်လုပ်သလဲ?
ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ လိင်တံထံသို့ သုက်ကောင်များ ပို့ပေးတဲ့ ပြွန်နှစ်ခု (vasa deferentia) အား လက်လှမ်းမှီရန် ကပ္ပာယ်အိတ်မှာ သေးငယ်သော ခွဲစိတ်မှု သို့မဟုတ် ထိုးဖောက်မှု ပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပြွန်များကို ဖြတ်ခြင်း နှင့် ချည်ပြီး ပိတ်ဆို့ခြင်း သို့မဟုတ် ပြင်ပဓာတ်အားဖြင့်ဆဲလ်များဖျက်ဆီးခြင်း (လျှပ်စစ် သို့မဟုတ် အပူတို့ဖြင့်) လုပ်ဆောင်မှာဖြစ်ပါတယ်။
သားကြောဖြတ်ခြင်းဟာ သုက်ရည်အတွင်းရှိ သုက်ကောင်များကို ချေမှုန်းပစ်ခြင်းဖြင့် ကိုယ်ဝန်ကို တားပေးပါတယ်။ သင်ဟာ သားကြောဖြတ်ပြီးသွားရင်၊ သုက်ရည်ထွက်သော်လည်း ၎င်းဟာ ကိုယ်ဝန်မရစေနိုင်တော့ပါဘူး (၅)။
သားကြောဖြတ်ခြင်းဟာ ဘယ််လောက်ထိရောက်ပါသလဲ?
သားကြောဖြတ်ခြင်းဟာ အထိရောက်ဆုံးသန္ဓေတားနည်းလမ်းများမှ တခုဖြစ်ပါတယ်။ သားကြောဖြတ်ပြီး ပထမနှစ်အတွင်း ဒီနည်းလမ်းဟာ သန္ဓေတားရာမှာ ၉၉% အထိ ထိရောက်ပါတယ်။ သို့သော်လည်း ခွဲစိတ်မှုလုပ်ပြီးနောက်ချက်ချင်းထိရောက်တာမဟုတ်ပါဘူး။ သားကြောဖြတ်ပြီးနောက် သုံးလအတွင်း သို့မဟုတ် သင့်သုက်ရည်အတွင်းတွင် သုက်ကောင်များလုံးဝမရှိတော့ကြောင်း သေချာသည်အထိ အခြားသန္ဓေတားနည်းလမ်းတခုကို အသုံးပြုရပါမယ်။ သားကြောဖြတ်ပြီး ပထမနှစ်အတွင်း ကိုယ်ဝန်ရကြသည့် အဓိက အကြောင်းအရင်းမှာ သုံးလ စောင့်ဆိုင်းရသည့် ကာလအတွင်း သန္ဓေတားနည်းလမ်းများကို တစိုက်မတ်မတ် မသုံးစွဲခြင်းကြောင့် ဖြစ်ပါတယ်။
သားဥပြွန်ချည်ခြင်းကဲ့သို့ပဲ သုံးစွဲပြီး ပထမနှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ အနည်းငယ်ရှိပါတယ်။ ဒီလိုကိုယ်ဝန်ရနိုင်ချေဟာ အမျိုးသားရဲ့ လက်တွဲဖော် သွေးဆုံးသည်အထိ ရှိပါတယ်။
သားကြောဖြတ်ပြီး သုံးနှစ်အတွင်း ထိရောက်မှုဟာ ၉၈% ရှိပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ စောင့်ဆိုင်းရသည့်ကာလအတွင်း သန္ဓေတားနည်းလမ်းများ မှန်ကန်စွာ အသုံးမပြုခြင်း၊ ပြွန်များ (vas deferens) ရဲ့ ဖြတ်ထားသော အပိုင်းပြန်ထွက်လာခြင်း သို့မဟုတ် ခွဲစိတ်မှုလုပ်စဥ်အတွင်း ဝန်ဆောင်မှုပေးသူမှ အမှားလုပ်မိခြင်း တို့ကြောင့်ဖြစ်ပါတယ် (၆)။
သားကြောဖြတ်ခြင်းဟာ ဘယ်အချိန်မှာ ထိရောက်ပါသလဲ?
အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းအရ သုက်ရည်အတွင်း သုက်ကောင်များလုံးဝရှင်းသွားရန်အတွက် သုက်လွှတ်မှု ၁၅ – ၂၀ ကြိမ် သို့မဟုတ် ၃ လ လိုအပ်ပါတယ်။ ထို့အပြင်၊ အမျိုးသား ငါးယောက်မှာ တယောက်ဟာ ဒီ့ထက်ပိုပြီး ကြာရှည်စွာ စောင့်ဖို့ လိုအပ်ပါတယ်။
ထို့ကြောင့် သင့်အနေနှင့်၊ သုက်ကောင်များ လုံးဝ ရှင်းသွားသည်အထိ အခြားသန္ဓေတားနည်းလမ်းအသုံးပြုရန် လိုအပ်ပါတယ်။ အကယ်၍ သားကြောဖြတ်ပြီးနောက် ပထမသုံးလအတွင်း ထိရောက်သည့် သန္ဓေတားနည်းလမ်းတခုခုကို တစိုက်မတ်မတ် သုံးစွဲရန် ပျက်ကွက်ပါက၊ သားကြောဖြတ်ခြင်း အပြည့်အဝ မထိရောက်ခင်မှာ ကိုယ်ဝန်ဆောင်နိုင်ရချေ မြင့်မားပါတယ်။
သင့် သားကြောဖြတ်ခြင်း ထိရောက်မှု ရှိ၊ မရှိ သေချာစေရန် အတည်ပြုနိုင်သည့် တခုတည်းသောနည်းလမ်းမှာ ခွဲစိတ်မှုလုပ်ဆောင်ပြီးနောက် ၃ လအကြာတွင် သုက်ရည်ကို စစ်ဆေးခြင်းဖြစ်ပါတယ်။ သင့်သုက်ရည်အနည်းငယ်ကို စုစည်းပြီး သုက်ကောင်များ ရှာဖွေရန် စစ်ဆေးသွားမှာဖြစ်ပါတယ်။ အကယ်၍သုက်ကောင်များ မတွေ့ပါက၊ သင့်ရဲ့ သားကြောဖြတ်ခြင်းဟာ ကိုယ်ဝန်ကာကွယ်ရာမှာ ၉၉% ထိရောက်မှာဖြစ်ပါတယ်။ သင်ဟာ သုက်ရည်စစ်ဆေးမှုကို အနည်းဆုံး ၂ ကြိမ်အထိ လုပ်ဆောင်ရပါမယ်။
ပထမဆုံး သုက်ရည်စစ်ဆေးခြင်းကို ခွဲစိတ်မှုပြီးနောက် နှစ်လမြောက်တွင်လုပ်ဆောင်နိုင်ပြီး ဒုတိယ စစ်ဆေးခြင်းကို သုံးလမြောက်တွင် စစ်နိုင်ပါတယ်။ သုံးလမြောက်စစ်ဆေးစဥ်အတွင်း သင့် သုက်ရည်တွင် သုက်ကောင်များရှိသေးပါက၊ စစ်ဆေးမှုပြီးနောက် နှစ်ပတ် မှ လေးပတ်မြောက်တွင် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ပါ။ သင့်သားကြောဖြတ်ခြင်းဟာ မှန်ကန်စွာအလုပ်လုပ်နေကြောင်းသေချာစေရန်အတွက် နှစ်စဥ် သို့မဟုတ် ကာလအလိုက် စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။
အချို့နိုင်ငံများတွင် သင်ဟာ အိမ်သုံးသုက်ရည်စစ်ဆေးမှုဖြင့် ကိုယ်တိုင် မျိုးအောင်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။ အကယ်၍ သင်ဟာ ဒီနည်းလမ်းကို ပိုမို နှစ်သက်တယ်ဆိုရင်တော့၊ သင့်နိုင်ငံအတွင်း ဒီလို စစ်ဆေးမှု ဝယ်ယူနိုင်ခြင်း ရှိ၊ မရှိ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် မေးမြန်းသင့်ပါတယ်။