သန္ဓေတားရေမြှုပ်ဆိုတာဘာလဲ?
မအင်္ဂါသန္ဓေတားနည်းလမ်းဟု အသိများကြသည့် သန္ဓေတားရေမြှုပ်ဟာ ပလတ်စတစ်ရေမြှုပ်အဝိုင်းတခုဖြစ်ပြီး လိင်မဆက်ဆံခင်မှာ မအင်္ဂါအတွင်းသို့ ရေစွတ်ပြီး ထည့်သွင်းရပါတယ်။ ၎င်းဟာ ၅ စင်တီမီတာကျယ်ပြီး မအင်္ဂါအတွင်းသို့ ထည့်သွင်းရသော အခြမ်းမှာ အချိုင့်ရှိပါတယ်။ တခြားဖက်အခြမ်းမှာတော့ ပြန်ထုတ်ရအဆင်ပြေစေရန်အတွက် ပေါ်လီအက်စတာကြိုးအကွင်းပါရှိပါတယ်။
သင်ဟာ ၎င်းကို လိင်မဆက်ဆံခင် ၂၄ နာရီအတွင်းထည့်သွင်းနိုင်ပြီး ရေမြှုပ်တခုကို တကြိမ်သာလျှင် အသုံးပြုလို့ရပါတယ် (၁)။
သန္ဓေတားရေမြှုပ််ဟာ ဘယ်လိုအလုပ်လုပ်သလဲ?
ရေမြှုပ်ဟာ ကိုယ်ဝန်ကို နည်းလမ်း နှစ်မျိုးဖြင့် ကာကွယ်ပေးပါတယ် :
– ၎င်းဟာ သင့်သားအိမ်ဝကို ပိတ်လိုက်ခြင်းအားဖြင့် သုက်ကောင်များ သင့်သားအိမ်အတွင်း ရောက်ရှိခြင်းကို ဟန့်တားပေးပါတယ်။ တခြမ်းမှာရှိတဲ့ အချိုင့်လေးကို သားအိမ်ဝမှာ ထားရှိပြီး သုက်ကောင်များကို သားအိမ်ဝအတွင်းမရောက်ရှိစေရန် ကာကွယ်ပေးတဲ့ အတားအဆီးတခုအဖြစ်လုပ်ဆောင်ပေးပါတယ်။
– ၎င််းဟာ သုက်ကောင်များကို ချေမှုန်းပေးတဲ့ သုက်သတ်ဆေးများကို တောက်လျှောက်ထုတ်လွှတ်ပေးပါတယ်။
သန္ဓေတားရေမြှုပ်ဟာ ဘယ်လိုပုံမျိုးလဲ?
သန္ဓေတားရေမြှုပ်ဟာ ဘယ်လောက်ထိရောက်ပါသလဲ?
သန္ဓေတားရေမြှုပ်ရဲ့ ထိရောက်မှုဟာ အသုံးပြုပုံအပေါ် တိုက်ရိုက်မူတည်ပါတယ်။ သန္ဓေတားရေမြှုပ်ကို လိင်ဆက်ဆံသည့်အခါတိုင်း မသုံးစွဲသည့်အခါ ကိုယ်ဝန်ဆောင်ရနိုင်သည့် အခွင့်အလမ်းပိုများလာပါတယ်။
သန္ဓေတားရေမြှုပ်ဟာ အလွန်ထိရောက်သည့်နည်းလမ်းမဟုတ်ပါဘူး၊ အထူးသဖြင့် သင်က ကလေးမီးဖွားဖူးရင်ပေါ့။ ပုံမှန်သုံးစွဲနေကျ ပုံစံနဲ့ဆိုရင် လူ ၁၀၀ မှာ ၇၆ ယောက် မှ ၈၈ ယောက်သာလျှင် ကိုယ်ဝန်ကို ကာကွယ်နိုင်ကြပါတယ်။
ကလေးမီးမဖွားဖူးသည့် အမျိုးသမီးများအတွက်၊ ကျရှုံးနှုန်းဟာ ပုံမှန်သုံးစွဲပုံအတွက် ၁၆ % နှင့် ပြီးပြည့်စုံသည့် သုံးစွဲပုံအတွက် ၉% ရှိပါတယ်။ ဆိုလိုသည်မှာ သန္ဓေတားဆီးရာတွင် ပုံမှန်သုံးစွဲပုံအတွက် ၈၄% ထိရောက်ပြီး ပြီးပြည့်စုံသည့် သုံးစွဲပုံအတွက် ၉၁% ထိရောက်ပါတယ်။
ကလေးမီးဖွားဖူးသည့် အမျိုးသမီးများအတွက်၊ ကျရှုံးနှုန်းဟာ ပိုမြင့်မားပြီး ပုံမှန်သုံးစွဲပုံအတွက် ၃၂ % နှင့် ပြီးပြည့်စုံသည့် သုံးစွဲပုံအတွက် ၂၀% ရှိပါတယ်။ ဆိုလိုသည်မှာ သန္ဓေတားဆီးရာတွင် ပုံမှန်သုံးစွဲပုံအတွက် ၆၈% ထိရောက်ပြီး ပြီးပြည့်စုံသည့် သုံးစွဲပုံအတွက် ၈၀% ထိရောက်ပါတယ် (၂)။
၎င်းကို ထိရောက်မှုအနည်းဆုံးနည်းလမ်းများထဲမှ တခုအဖြစ် သတ်မှတ်ကြသော်လည်း (မအင်္ဂါထည့်အကာအကွယ်ပစ္စည်း diaphragm ထက်ပင် ပို၍ ထိရောက်မှုနည်းပါတယ်)၊ ကွန်ဒုံးနှင့်အတူ တွဲဖက်အသုံးပြုသည့်အခါ သန္ဓေတားရေမြှုပ်ရဲ့ ထိရောက်မှု မြင့်တက်လာပါတယ် (၃)။