သုက်သတ်ဆေးဆိုတာဘာလဲ?
သုက်သတ်ဆေးဆိုတာ သုက်ကောင်းများနှင့် ထိတွေ့မိတာနဲ့ ၎င်းတို့ကို လှုပ်ရှားမရအောင်လုပ်နိုင်သော သို့မဟုတ် သေဆုံးစေနိုင်သော ဆေးဝါးများဖြစ်ပါတယ်။ ၎င်းဟာ အကာအကွယ်သန္ဓေတားနည်းလမ်းတခုဖြစ်ပြီး သုက်ကောင်များ သားအိမ်အတွင်းမဝင်ရောက်မှီ ဖျက်ဆီးရနိုင်ရန်အတွက် ၎င်းကို လိင်မဆက်ဆံခင်မှာ မအင်္ဂါအတွင်းဖက် သားအိမ်ခေါင်းအနားမှာထားရှိရပါတယ် (၁)။
စျေးကွက်အတွင်းမှာ မတူညီသော သုက်သတ်ဆေးအမျိုးအစားများ နှင့် အမှတ်တံဆိပ်များ ရရှိနိုင်ပါတယ်။ အသုံးအများဆုံးသော သုက်သတ်ဆေးဟာ nonoxynol-9 ဓာတ်ပါဝင်တဲ့ သုက်သတ်ဆေးဖြစ်ပါတယ်။ ဒီသုက်သတ်ဆေးအမျိုးအစားဟာ ဆီးပူညောင်းကျ နှင့် chlamydial ရောဂါပိုးကူးစက်ခြင်းများကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြကြပါတယ်။
အခြားသုက်သတ်ဆေးအမျိုးအစားများတွင် menfegol၊ ဘန်ဇယ်ခိုနီယန်ကလိုရိုက်၊ octoxynol-9၊ chlorhexidine နှင့် ဆိုဒီယမ်ဒိုကျူစိတ် တို့ပါဝင်သော သုက်သတ်ဆေးများပါဝင်ပါတယ်။
သုက်သတ်ဆေးများဟာ ခရင်မ်များ၊ ဂျယ်လီများ၊ အမြှုပ်ရှိသည့်ဆေးပြားများ၊ အရည်ပျော်နိုင်သည့် အပြားများ၊ အရည်ပျော်နိုင်သည့် သို့မဟုတ် အမြှုပ်ရှိသည့်စအိုထည့်ဆေးများ နှင့် ဖိအားထည့်ထားသောအမြှုပ်ရှိသည့်ဗူးများ စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။
ခရင်မ်များ၊ ဂျယ်လီများ၊ ဘူးများထဲမှ အမြှုပ်များအဖြစ်ရှိသည့် သုက်သတ်ဆေးများကို သီးသန့်ဖြစ်စေ၊ ကွန်ဒုံး သို့မဟုတ် diaphragm များနှင့်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။
စအိုထည့်ဆေးများ၊ အရည်ပျော်သော အပြားများ၊ အမြှုပ်ရှိသည့်ဆေးပြားများ သို့မဟုတ် အမြှုပ်ရှိသည့် စအိုထည့်ဆေးများအဖြစ်ရှိသည့် အမျိုးအစားများကိုတော့ သီးသန့် သို့မဟုတ် ကွန်ဒုံးများနှင့် တွဲဖက်သုံးစွဲနိုင်ပါတယ် (၂)။
သုက်သတ်ဆေးဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ?
သုက်သတ်ဆေးများဟာ သုက်ကောင်ဆဲလ်များရဲ့ အမြှေးပါးများကို ၎င်းတို့အားသေဆုံးစေသည့် သို့မဟုတ် လှုပ်ရှားမှုနှေးကွေးစေသည့် နည်းလမ်းဖြင့် ဖြိုခွဲပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ သုက်ကောင်ကို မျိုးဥဆီရောက်ရှိခြင်းမှ ဟန့်တားပေးပါတယ်။
သုက်သတ်ဆေးဟာ ဘယ််လောက်ထိရောက်ပါသလဲ?
သုက်သတ်ဆေးရဲ့ထိရောက်မှုဟာ မည်မျှ မှန်ကန်စွာ နှင့် တစိုက်မတ်မတ်သုံးစွဲသလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ လိင်ဆက်ဆံသည့်အခါတိုင်း သုက်သတ်ဆေးများကို အသုံးမပြုသည့်အခါ ကိုယ်ဝန်ရနိုင်ချေမြင့်တက်ပါတယ်။ သုက်သတ်ဆေးကို ပုံမှန်အားဖြင့် လိင်မဆက်ဆံခင်အကြိမ်တိုင်းမှာ သုတ်လိမ်းရတာဖြစ်ပြီး သူ့ရဲ့ထိရောက်မှုဟာ တစ်နာရီသာ ခံပါတယ်။ ၎င်းကို ပင်မ သို့မဟုတ် ဒုတိယနည်းလမ်းအဖြစ်အသုံးပြုနိုင်သော်လည်း၊ အခြားအကာအကွယ်နည်းလမ်းများဖြစ်တဲ့ diaphragm၊ သားအိမ်ခေါင်းအစွပ် သို့မဟုတ် ကွန်ဒုံးများ နှင့် တွဲဖက်အသုံးပြုသည့်အခါ သုက်သတ်ဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ သီးသန့်သုံးစွဲသည့်အခါ၊ မအင်္ဂါသုက်သတ်ဆေးများဟာ လိင်မှတဆင့်ကူးစက်ပိုးများ (STI) များကို အကန့်အသတ်ဖြင့်သာ ကာကွယ်ပေးပြီး HIV ကူးစက်မှုကို မကာကွယ်ပေးပါဘူး။
ပုံမှန်သုံးစွဲသည့်အတိုင်းသုံးလျှင်၊ သုက်သတ်ဆေးများဟာ ပထမနှစ်အတွင်း ၇၉% ထိရောက်ပါတယ်။ ဆိုလိုသည်မှာ သုက်သတ်ဆေးသုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၂၁ ယောက်ဟာ ကိုယ်ဝန်ရကြမှာဖြစ်ပါတယ်။ လိင်ဆက်ဆံမှုတခုစီတိုင်းအတွက် မှန်ကန်စွာသုံးစွဲပါက၊ သုက်သတ်ဆေးဟာ ကိုယ်ဝန်တားဆီးရာမှာ ၈၄% ထိရောက်မှုရှိမှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ သုက်သတ်ဆေးသုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၁၆ ယောက်ဟာ ကိုယ်ဝန်ရကြမှာဖြစ်ပါတယ် (၃)။
ခြုံငုံရလျှင် သုက်သတ်ဆေး၏ ထိရောက်မှုဟာ မှန်ကန်စွာသုံးစွဲခြင်း၊ သီးသန့်သုံးစွဲခြင်း သို့မဟုတ် အခြားအကာအကွယ်နည်းလမ်းများနှင့်တွဲဖက်သုံးစွဲခြင်းတို့အပေါ်မူတည်၍ ၅၀% မှ ၉၉.၉% အထိ ထိရောက်နိုင်ပါတယ်။ သားအိမ်ခေါင်းနားတဝိုက်တွင် သုက်သတ်ဆေးကို မှန်ကန်စွာထားရှိခြင်းနှင့် ပျံ့နှံ့ရန်အတွက် လုံလောက်သောအချိန်ပေးခြင်းတို့ဟာ ၎င်းရဲ့ထိရောက်မှုကို သက်ရောက်စေနိုင်တဲ့ အရေးကြီးသော အချက်များဖြစ်ပါတယ်။ အခြားအကာအကွယ်နည်းလမ်းများနှင့်အတူ သုက်သတ်ဆေးကို တွဲဖက်သုံးစွဲခြင်းဟာ ၎င်းရဲ့ ထိရောက်မှုကို မြင့်တက်စေပါတယ်။ ကွန်ဒုံးနဲ့အတူ သုက်သတ်ဆေးသုံးစွဲခြင်းဟာ ၉၉.၉% အထိ ထိရောက်စေပါတယ် (၄)။
သုက်သတ်ဆေးကို ဘယ်လိုသုံးစွဲမလဲ?
ကောင်းမွန်သောသုံးစွဲမှုအတွက်၊ ထုတ်ပိုးမှုပေါ်ရှိ ညွှန်ကြားချက်များကို သေချာဖတ်ရှုပြီး သက်တမ်းကုန်ရက် ကို စစ်ဆေးပါ။ သုက်သတ်ဆေးဟာ သုံးစွဲရလွယ်ပါတယ် – ၎င်းကို သင့်ရဲ့ မအင်္ဂါအတွင်းသို့ လက်ချောင်းများဖြင့် သို့မဟုတ် ထည့်သွင်းတံတို့ဖြင့် ထည့်ပါ။
– သားအိမ်ခေါင်းကို ဖုံးအုပ်နိုင်ရန် သုက်သတ်ဆေးကို မအင်္ဂါအတွင်းနက်နက်အတွင်းသို့ လိမ်းပါ သို့မဟုတ် ထည့်ပါ။
– လုံလောက်သည့် သုက်သတ်ဆေးပမာဏကို သုံးစွဲပါ။
– လိင်ဆက်ဆံသည့်အခါ သုက်သတ်ဆေးများကိုထပ်ထည့်ပေးပါ။
– ထည့်သွင်းပြီးချိန် နှင့် လိင်ဆက်ဆံချိန်အကြားတွင် အကြံပြုထားသောအချိန်ကို စောင့်ဆိုင်းပါ။ အချို့သော သုက်သတ်ဆေးများဟာ လိင်မဆက်ဆံခင် ၁၀-၁၅ မိနစ်လောက် စောင့်ဆိုင်းရန် လိုအပ်ပါတယ်။ ဒီလိုစောင့်ဆိုင်းခြင်းဟာ သုက်သတ်ဆေးကို အရည်ပျော်ပြီး ပျံ့နှံ့စေပါတယ်။ ဒီလိုသုက်သတ်ဆေးအမျိုးအစားများဟာ သင်ထည့်သွင်းပြီးနောက် တစ်နာရီအတွင်းသာ ထိရောက်ပါတယ်။ သင်လိင်မဆက်ဆံခင် သုံးနာရီထက်ကျော်လွန်သွားပါက၊ သုက်သတ်ဆေးကို ထပ်သုံးပေးပါ။
– မအင်္ဂါသန္ဓေတားအပြား ( nonoxynol-9 ၂၈% ပါဝင်သည့် ၂လက်မပတ်လည် လက်မ အပြား) ကို အရည်ပျော်ရန် နှင့် ပျံ့နှံ့စေရန်အတွက် လိင်မဆက်ဆံခင် အနည်းဆုံး ၁၅ မိနစ်ကြိုတင်ထည့်သွင်းရပါတယ်။ သုံးနာရီထက်ကျော်လွန်သွားပါက၊ နောက်ထပ်အပြားတခုကို ထပ်မံထည့်သွင်းရပါမယ်။
– nonoxynol-9 ၁၂.၅% ပါဝင်သည့် သုက်သတ်ဆေးအမြှုပ်ဟာ သုံးစွဲပြီးနောက် ချက်ချင်းထိရောက်ပြီး ထည့်သွင်းပြီး တစ်နာရီအထိ တာရှည်ခံပါတယ်။ ၎င်းကို ထည့်သွင်းတံအသုံးပြု၍ မအင်္ဂါအတွင်းထည့်သွင်းရမှာဖြစ်ပြီး လိင်မဆက်ဆံခင်အကြိမ်တိုင်းမှာ ထပ်သုံးဖို့ လိုအပ်ပါတယ်။
– လိင််ဆက်ဆံပြီးနောက် အနည်းဆုံး ခြောက်နာရီအထိ မအင်္ဂါကို မဆေးကြောပါနှင့်။
– အမြဲတမ်း သုက်သတ်ဆေးများကို အပိုဆောင်ထားပါ (၅)။
သုက်သတ်ဆေး၏ အကျိုးကျေးဇူးများ
– အသုံးပြုရလွယ်ကူပြီး အလွယ်တကူဝယ်နိုင်ပါတယ်။ ၎င်းကို သုံးစွဲဖို့ အထူးအရည်အချင်းများ မလိုအပ်ပါဘူး။
– ၎င်းကို လိင်မဆက်ဆံခင် နမ်းရှုပ်ပွတ်သပ်ခြင်းရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းနိုင်ပါတယ်။
– ၎င််းမှာ ဟော်မုန်းမပါပါဘူး။
– ဆရာဝန်ဆေးစာမလိုအပ်ပါဘူး။ သုက်သတ်ဆေးသုံးစွဲရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် တွေ့စရာမလိုပါဘူး။
– နို့တိုက်နေစဥ်အတွင်းမှာ ၎င်းကို အသုံးပြုနိုင်ပါတယ်။
လိင်ဆက်ဆံပြီးနောက် သုက်သတ်ဆေးကို သင် အသုံးပြုနိုင်ပါသလား?
မသုံးနိုင်ပါဘူး၊ ၎င်းကို ကိုယ်ဝန်တားဆီးရာမှာထိရောက်နိုင်စေဖို့၊ သုက်သတ်ဆေးများကို လိင်မဆက်ဆံခင်မှာသာ ထည့်သွင်းရမှာဖြစ်ပါတယ်။
ကျွန်ုပ်ဓမ္မတာလာနေစဥ်အတွင်းမှာ သုက်သတ်ဆေးအသုံးပြုနိုင်ပါသလား?
သုံးနိုင်ပါတယ်။ သင်ဓမ္မတာလာနေစဥ်မှာ သုက်သတ်ဆေးသုံးနိုင်ပါတယ်။ သို့သော်လည်း၊ ဒီအချိန်အတွင်းမှာ၊ ၎င်းကို diaphragm သို့မဟုတ် သားအိမ်ခေါင်းအစွပ်များနဲ့ တွဲဖက်မသုံးစွဲသင့်ပါဘူး။ အဆိပ်တက်ခြင်းရောဂါဖြစ်နိုင်ပါတယ်။ ကွန်ဒုံးနဲ့တော့ တွဲသုံးနိုင်ပါတယ်။ သုက်သတ်ဆေးများဟာ သင့်ရဲ့ ဓမ္မတာ သို့မဟုတ် ဟော်မုန်းများကို မည်သည့်နည်းလမ်းနှင့်မှ မသက်ရောက်စေပါဘူး။